Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် 2023 GMS Economic Corridor Governors Forum ဒုတိယနေ့ GMS Projects Roadshow အစီအစဉ်များ၊ Lincang – Mekong Fruit Festival ၊ Lincang Border Economic Cooperation Zone နှင့် Dehong Pilot Free Trade Zone တို့၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဖိတ်ခေါ်ရှင်းလင်းမှု အခမ်းအနားများသို့တက်ရောက်

ကူမင်း ဩဂုတ် ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းမြို့၌ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်သည် ယနေ့နံနက်ပိုင်း တွင် ၂၀၂၃ ခုနှစ် ဂျီအမ်အက်စ် စီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဆိုင်ရာဖိုရမ် (GMS Economic Corridor Governors Forum) ၏ ဒုတိယနေ့အဖြစ် GMS Projects Roadshow နှင့် လင်ချန်းနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (Lincang Border Economic Cooperation Zone) ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက လင်ချန်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ထူထောင်ဆောင်ရွက်မှုသည် ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းတရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၉၇ ခု၊ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၈၆၃ ဘီလီယံတန်ဖိုးရှိရာစုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် လျှပ်စစ်ကဏ္ဍတွင် အများဆုံးဝင်ရောက်ခြင်းဖြစ်ပြီး နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆိုပါကဏ္ဍကို အားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်ကဏ္ဍသည် မြန်မာနိုင်ငံအတွက်အခြေခံကျသည့် လိုအပ်ချက်တစ်ခုဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုအတွက်လည်း အရေးကြီးသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

တရုတ်နိုင်ငံ၏ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကွမ်းလုံတံတားတည်ဆောက်ရေး စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်များကို တရုတ်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာတင်ပို့နိုင်ခြင်းဖြင့် နယ်စပ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို အတိုင်းအတာတစ်ခုအထိ ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ လင်ချန်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ရှိ International Aquatic Products Processing Industrial Park စီမံကိန်းသည်လည်း နှစ်နိုင်ငံအကြား နယ်စပ်ဒေသတစ်လျှောက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ်ကဏ္ဍ အပါအဝင် စိုက်ပျိုးရေး၊ ဇီဝဆေးပညာ၊ ရေနေသတ္တဝါ၊ အအေးထိန်းပစ္စည်းများ ထောက်ပံ့ပို့ဆောင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကသတ်မှတ်ထားသည့် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများဖြစ်သဖြင့် အဆိုပါကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း၊ စားနပ်ရိက္ခာဖူလုံမှုနှင့် စိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပံ့ပိုးပေးရန်မျှော်လင့်ပါကြောင်း တက်ရောက်လာကြသော မဲခေါင် ဒေသခွဲနိုင်ငံများမှ တက်ရောက်လာသူများနှင့် ရင်းနှီးမြှုပ်နှံလိုသူများကို ပြောကြားသည်။

မွန်းလွဲပိုင်းအခမ်းအနားတွင် ဒယ်ဟုန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး Mr. Jiang Shan နှင့် တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ယူနန်ပြည်နယ် ပုဂ္ဂလိက စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ Mr. Yi Hong က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဒယ်ဟုန်ဒေသ လွတ်လပ်သောကုန်သွယ်မှု ရှေ့ပြေးဇုန်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် တရုတ်- မြန်မာနယ်စပ် ဒယ်ဟုန်ဒေသ (Dehong Area) တွင် ဆောင်ရွက်မည့် အဓိကလုပ်ငန်းစီမံကိန်း ခြောက်ခုနှင့်စပ်လျဉ်း၍ စွန့်ဦးတီထွင်ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်နေကြသူများက လက်ရှိအခြေအနေနှင့် အနာဂတ်အလားအလာများကို ရှင်းလင်းတင်ပြကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်း တွင် Yunnan Haigeng Conven-tion Center ၌ ကျင်းပပြုလုပ် သော 2023 GMS Economic Corridor Governors Forum ၏ GMS Project Roadshow and Lincang – Mekong Fruit Festival သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်