Skip to main content

မန္တလေး-ရန်ကုန်ခရီးစဉ်ပြေးဆွဲနေသော မြန်မာ့မီးရထားကုန်တင်ရထားကို အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်သည့်နေရာသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၈

အကြမ်းဖက်သမားများက အများပြည်သူအသုံးပြုလျက်ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများလုပ်ဆောင်လျက်ရှိရာ ယနေ့တွင် မန္တလေးမြို့မှရန်ကုန်မြို့သို့ထွက်ခွာလာသည့် စက်ခေါင်းအမှတ်၊ DF/2077 မန္တလေး-ရန်ကုန် ကုန်တင်ရထားအား ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းမြို့အကြား၌ မိုင်းထောင်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီခန့်၌ ထွက်ခွာလာသော စက်ခေါင်းအမှတ်၊ DF/2077 မန္တလေး-ရန်ကုန် ကုန်တင်ရထားသည် တောကျွဲအင်းမြို့၏ အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာ ရထားလမ်းကြေးနန်းမိုင်တိုင်အမှတ် ၁၂၀/၀၊ တံတားအမှတ်၊ ၁၇၉ နေရာသို့ ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်တွင် ဖြတ်သန်းမောင်းနှင်စဉ် အကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် စက်ခေါင်း (၂) ခေါင်း၊ နားနေတွဲ (၁) တွဲနှင့် ကုန်တွဲ(၆)တွဲတို့သည် လမ်း၏ညာဘက်သို့ လမ်းချော်ခြင်း၊ ရထားသံလမ်း ၁၅၀ ပေခန့် တွန့်လိမ်ပျက်စီးခြင်းနှင့် ဇလီဖားတုံးများ ကျိုးပဲ့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် သွားရောက်စစ်ဆေးကာ လမ်းချော်ကျ၊ တိမ်းမှောက်သွားသော စက်ခေါင်းနှင့်ကုန်တွဲများအား အမြန်ဆုံးပြန်လည်မတင်နိုင်ရေးနှင့် လမ်းပိုင်းအမြန်ပြုပြင်၍ ရထားများပုံမှန်ပြေးဆွဲနိုင်ရေးတို့အတွက် မြန်မာ့မီးရထားရုံးချုပ်မှ ဌာနအကြီးအကဲများကိုယ်တိုင် အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

နိုင်ငံတော်အနေဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့စေရေးအတွက် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ အချိန်မှန်ပြေးဆွဲနိုင်ရေး အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ပြေးဆွဲမှုနှောင့်နှေးကြန့်ကြာစေပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်များထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေရေး ယုတ်မာရက်စက်စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကျူးလွန်နေကြသည့် အကြမ်းဖက်အဖွဲ့များအား ဒေသခံပြည်သူတစ်ရပ်လုံးမှ ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။