လွိုင်ကော် သြဂုတ် ၁၉
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ရှိစေရန်အတွက် မြေငှားဂရန် ထုတ်ပေးခြင်းများကို စီမံချက်များရေးဆွဲ ဆောင်ရွက်ပြီး မူဝါဒ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ပြည်သူများသို့ မြေငှားဂရန်များ ထုတ်ပေး ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်မြို့၊ ထေးသမ ရပ်ကွက်နှင့် နမ့်ကွတ်ရပ်ကွက်မှ မြေငှားဂရန် လျှောက်ထားသည့် ပြည်သူများထံသို့ မြေငှားဂရန် ပေးအပ်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ထေးသမရပ်ကွက်နှင့် နမ့်ကွတ် ရပ်ကွက် ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြေငှားဂရန်လက်ခံရယူမည့် ပြည်သူ များမှ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ မြေငှားဂရန် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင်များ၊ ဌာနတာဝန် ရှိသူများနှင့် မြေငှားဂရန် လက်ခံရယူမည့် တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများ အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြပြီး နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေကြောင်း၊ မိမိတို့အနေနှင့် ပြည်နယ်အတွင်း မြေယာနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများအတွက် မြေငှားဂရန်များ၊ ပုံစံ(၇)များကို ပေးအပ် ဆောင်ရွက်လျက်ရှိပြီး အစိုးရနှင့် ဌာနတို့မှ စနစ်တကျ ကြိုးပမ်း ဖော်ဆောင်ပေးလျက် ရှိကြောင်း၊ မြေယာကဏ္ဍသည် အင်မတန် သိမ်မွေ့နက်နဲပြီး ယင်းအတွက် အလေးထား စိစစ်၍ ကြိုးပမ်း ဆောင်ရွက်ပေးနေ ကြောင်း၊ ယခုလို မြေငှားဂရန် ထုတ်ပေးသည့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေး နေသူများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများ အနေနှင့် မိမိတို့ လူမှုစီးပွားကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများတွင်လည်း မြေငှားဂရန်များကို အသုံးပြုနိုင်ပါကြောင်း၊ ယင်းအတွက် မြေငှားဂရန်များကို မှားယွင်းမှု နည်းစွာဖြင့် အကောင်းဆုံးစိစစ်၍ ထုတ်ပေးရ ပါကြောင်း၊ မြေငှားဂရန်တစ်ခု ထုတ်ပေးတော့မည် ဆိုပါက စနစ်တကျ စိစစ်၍ ဆောင်ရွက်ရပြီး လုပ်ငန်းစဉ်များပြား ပါကြောင်း၊ မြေပြင် အခြေအနေများတွင် ကြုံတွေ့ရသည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်ဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လုပ်ငန်း များ ဆောင်ရွက်ရာတွင် ပြဿနာ အခက်အခဲများ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း၊ ယင်းအပေါ် မူဝါဒများနှင့် အညီ ဖြစ်စေရေး ပြည်သူများမှ လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ယနေ့ တက်ရောက်လာသည့် တိုင်းရင်းသား ပြည်သူများထံသို့ တင်ပြလိုခြင်း ဖြစ်ပါကြောင်း၊ မြေငှားဂရန်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဂရန်စာရွက်ပေါ်တွင် စည်းမျဉ်း စည်းကမ်းများကို သတ်မှတ် ဖော်ပြထားပြီး ဖြစ်ရာ တိကျစွာ လိုက်နာကြစေ လိုပါကြောင်း၊ မြေငှားဂရန်များ တင်ပြလျှောက်ထားမှုများ အနေနှင့် တစ်နှစ်ထက် တစ်နှစ် များပြား လာသည်ဟု သိရှိရပါကြောင်း၊ လွန်ခဲ့သော နှစ်များကတည်းကပင် လျှောက်ထားပြီး ယခုအချိန်ထိ မရရှိသေးသည့် အခြေအနေများကို လည်း ကြားသိရပါကြောင်း၊ မိမိတို့အစိုးရ လက်ထက်တွင် ပွင့်လင်း မြင်သာရှိစွာဖြင့် ပြည်သူများ၏ အကျိုးအတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးလျက် ရှိပြီး ယင်းသို့ ပြောဆိုနေမှုများကို ပိုမို၍ အလေးထား ဆောင်ရွက် ပေးနေပါကြောင်း၊ ချက်ချင်း ဆောင်ရွက် ပေးနိုင်သည်ကို ချက်ချင်း ဆောင်ရွက်ပေးပြီး အချိန်ယူ ဆောင်ရွက်ရသည်ကို အချိန်ယူ၍ ဆောင်ရွက် ပေးနေပါကြောင်း၊ ယနေ့ အခမ်းအနားတွင် ထေးသမ ရပ်ကွက်မှ ဂရန်လျှောက်ထားသူ (၂၉)ဦးကို ထုတ်ပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ခံရရှိမည့် သူများအနေနှင့် မိမိတို့ အကျိုးအတွက် အကောင်းဆုံး အသုံးချနိုင်ကြစေလို ပါကြောင်း၊ မိမိတို့အစိုးရ လက်ထက်တွင် လွိုင်ကော်မြို့နယ်၌ မြေငှားဂရန်ပေါင်း (၁၀၄၄)ခုအထိ ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့တွင် နမ့်ကွတ်ရပ်ကွက်၌ မြေငှား ဂရန် (၃၂)ခုကိုလည်း ထုတ်ပေး ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း၊ မြေငှားဂရန် ထုတ်ပေးခြင်းများကို အစိုးရ အနေနှင့် မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဖြစ်စေရေး ကြိုးပမ်းပေးသွား မည်ဖြစ်ရာ တာဝန်ရှိသူများ အားလုံးမှလည်း ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက် ပေးကြစေ လို ကြောင်းဖြင့် ပြောကြားခဲ့သည်။
အလားတူ နမ့်ကွတ်ရပ်ကွက် အခမ်းအနားတွင် နမ့်ကွတ် ရပ်ကွက်ရှိ ပြည်သူ များထံသို့ မြေငှားဂရန်များ ထုတ်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ မိမိအနေနှင့် ယခုလို အခမ်းအနားသို့ တက်ရောက်၍ မြေငှားဂရန်များပေးအပ်ရသည့် အတွက် ဝမ်းမြောက်မိပါကြောင်း၊ ယနေ့အခမ်းအနား တွင် တက်ရောက်လာသူများမှ မိမိတို့ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် တင်ပြလိုသည်များကို တင်ပြနိုင်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးအနေနှင့် ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ကြသူများ ဖြစ်ပါကြောင်း၊ သင်ခန်းစာများ၊ အတွေ့အကြုံ များအပေါ် မူတည်၍ ပြုပြင် ပြောင်းလဲ ဆောင်ရွက်နိုင်ရန် မိမိတို့ရရှိ နေသည့် အခွင့်အရေးကို အကောင်းဆုံး အသုံးချစေ လိုပါကြောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးအနေနှင့် ယခင်က အကြောက်တရားများဖြင့် နေထိုင်ခဲ့ကြရပါကြောင်း၊ ပြုပြင် ပြောင်းလဲ ရေး ဆောင်ရွက်ရန်အတွက် ပြတ်သား မှန်ကန်စွာဖြင့် ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ အကြောင်းတရာများ သည် အားလုံးအတွက် အကျိုးမရှိခဲ့သည့် အခြေအနေများ သာဖြစ်ပါ ကြောင်း၊ ပိုမို ကောင်းမွန်သည့် အမွေကောင်းများကို နောင်လာ နောက်သားများအတွက် ပေးနိုင်ရန် အားလုံးမှ အမြင် ကျယ်ရန်လိုပြီး အသိတရား သတ္တိ၊ ဗျတ္တိရှိစွာဖြင့် ဆောင် ရွက်ကြစေလိုပါကြောင်း၊ ပြည်သူ့အစိုးရ လက် ထက်တွင် ယခင်ကထက် ပိုမိုကောင်းမွန်သည့် လုပ်ကိုင် ဆောင်ရွက် မှုများကို တွေ့မြင်လာရသည်ပဲ ဖြစ်ပါ ကြောင်း၊ ကောင်းမွန်သည့် အသိတရားနှင့် ယှဉ်တွဲ၍ လုပ်ကိုင် ဆောင်ရွက်တတ်ရန်လိုပါကြောင်း၊ မြေငှား ဂရန် များ ထုတ်ပေးခြင်း နှင့် စပ်လျဉ်း၍ ယခင်ကနှင့်စာ လျှင် ယခုအချိန်တွင် အကောင်းဆုံးဖြစ်အောင် စီမံ ပေးနေသည်ကို ပြောလိုပါ ကြောင်း၊ မြေယာကဏ္ဍသည် အင်မတန် သိမ်မွေ့နက်နဲ သည်ဖြစ်ရာ မိသားစုတွင်း သဘော ခံယူချက်များနှင့် စပ်လျဉ်း၍ အခြေအနေများ ပြောင်းလဲနိုင်ပါကြောင်း၊ ယနေ့ အခမ်းအနားတွင် မြေငှား ဂရန် လျှောက်ထားမှု များကို သက်ဆိုင်ရာ တာဝန်ရှိသူ များ အားလုံးမှ ပြည်သူများသို့ ကောင်းမွန် မှန်ကန်စွာဖြင့် ရှင်းပြ ဆောင်ရွက်ကြရန် အရေးကြီးပါ ကြောင်း၊ မိမိ အနေနှင့် ပြည်သူများမှ တင်ပြမှုကိုရုံး၌သာမက အိမ်သို့ပါ လာရောက်တင်ပြ ခွင့်ပြုထား ပါကြောင်း၊ နောင်လာ နောက်သားများ အတွက် ကောင်း မွန်သည့် အမွေကောင်းများကို ပေးနိုင် ရန်အတွက် အကောင်းဆုံး ပုံဖော်ကြရမည် ဖြစ်ပါကြောင်း၊ စနစ်ကို ပြောင်းခြင်းဖြစ်ပြီး အားလုံးမှ ဝိုင်းဝန်းကြိုးပမ်း မှသာလျှင် ပိုမိုကောင်းမွန်သည့် အရွေ့တစ်ခုကို သွားရ မည်ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အရွေ့ကို အကောင်းဆုံး ဖော်ဆောင်ကြစေလိုပါကြောင်း၊ ယနေ့ တွင် မြေငှားဂရန် (၃၂)ခုကို ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် လျှောက်ထားမှုများကိုလည်း ထပ်မံ၍ စိစစ် ဆောင် ရွက်ပေးသွားမည်ဖြစ်ရာ တာဝန်ရှိသူများ အားလုံးနှင့် အတူ ပြည်သူများမှလည်း ပူးပေါင်းကူညီ ဆောင်ရွက် ပေးကြစေ လိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများ က မြေငှားဂရန် လျှောက်ထားသည့် ထေးသမရပ်ကွက်မှ ပြည်သူ (၂၉) ဦးနှင့် နမ့်ကွတ် ရပ်ကွက်မှ ပြည်သူ(၃၂)ဦး ထံသို့မြေငှားဂရန်များ ပေးအပ် ဆောင်ရွက်ခဲ့ကြပြီး မြေငှား ဂရန်လက်ခံ ရရှိသူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက် လာသူများက တင်ပြရာ နယ်စွန် နယ်ဖျားမှ ကျောင်းသား/ သူများမှ လာရောက်၍ ပညာလေ့လာ ဆည်းပူးနေပြီး ကိုယ်ထူကိုယ်ထ ဘော်ဒါ ဆောင်တွင် ယခင်က ကျောင်းသား (၁၀၀)ကျော်ခန့် လာရောက် နေထိုင်ခဲ့ပြီး ယခုအခါ (၁၅)ဦးရှိပြီဖြစ်ရာ ယင်းတို့ အတွက်အတွက် ဆန်တစ်လလျှင် (၂)အိတ် ထောက်ပံ့ ပေးစေလိုကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးစေလို ကြောင်း၊ ယင်းနောက် နွားလဝိုးကျေးရွာ အုပ်စု၊ (၃)မိုင်ပကြဲ တံခွန်တိုင်ဝန်း အုတ်တံကာရံနိုင်ရန် အတွက် ရန်ပုံငွေပံ့ပိုးပေး စေလို ကြောင်းဖြင့် တင်ပြခဲ့ကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီး နွားလဝိုး ကျေးရွာအုပ်စု၊ (၃)မိုင်ပကြဲ ကျေးရွာ၊ တံခွန်တိုင်ဝန်း ခြံစည်းရိုးကာရံ ဆောင်ရွက်နိုင်ရန် အတွက် ရန်ပုံငွေကျပ် (၅)သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
ယင်းနောက် နမ့်ကွတ်ရပ်ကွက်မှ တက်ရောက်လာသူ တစ်ဦးက တင်ပြရာ ရပ်ကွက်တွင် အဝီစိတွင်း တူးဖော်၍ မရနိုင်သဖြင့် ဘီလူးချောင်းမှ ရေသွယ်ယူ၍ ရပ်ကွက်ရေ ရရှိရေး စီမံပေးစေလိုပြီး ယင်းအတွက် လျှပ်စစ်ဓာတ် အားလိုင်းရရှိရန်နှင့် မီတာပါ တစ်ပါတည်း တပ်ဆင်လို ကြောင်း၊ စည်ပင်ရေ အသုံးပြုရန် ကုန်ကျမှု များပြားသဖြင့် ဘီလူးချောင်းမှ ရေသွယ်ယူရရှိရေး ရေစက်ရုံ တည်ဆောက် ဆောင်ရွက် ပေးစေလိုကြောင်း တင်ပြခဲ့မှု အပေါ် ပြည်နယ် ဝန်ကြီးချုပ်မှ ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများအား ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီး နမ့်ကွတ်ရေရရှိရေး ရေစက်ရုံ တည်ဆောက်နိုင်ရန် အတွက် မတည်ရန်ပုံငွေကျပ် (၃)သိန်းအား ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)