Skip to main content

ကျောက်စာတွေ ထွင်းထုထားတာလည်း လက်ရာပြောင်မြောက်ပါတယ်။ ဒါတွေက ရှေးလက်ရာတွေကိုလည်း မီပါတယ်။ ပုဂံပြည်က ကျောက်စာတွေအတိုင်းပါပဲ။ ထွင်းထုထားတဲ့ လက်ရာတွေကတော့ တိုးတက်လာတဲ့ခေတ်နဲ့အညီ အဆင့်အတန်းမြင့်မားလွန်းတာကို တွေ့ရတယ်

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၁၇ ရက်တွင်လည်း လာရောက်ဖူးမြော်သည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်သို့ လာရောက်ဖူးမြော်သူများအနက်မှတချို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်။

ဦးမာနိတ (ထန်းတပင်မြို့နယ်)

ဦးဇင်းက ပဲခူးတိုင်းဒေသကြီးတောင်ငူရိုင် ထန်းတပင်မြို့နယ် မိုးမခကျောင်းတိုက်ကပါ။ မနက် ၄ နာရီ လောက်ထွက်လာတာပါ။ မာရဝိဇယဘုရားကြီးဟာ ကမ္ဘာပေါ်မှာအကြီးဆုံးဆိုတော့ ဦးဇင်းတို့အနေနဲ့ ဝမ်းသာမိပါတယ်။ ကျောက်စာတွေ ထွင်းထုထားတာလည်း လက်ရာပြောင်မြောက်ပါတယ်။ ဒါတွေက ရှေးလက်ရာတွေကိုလည်း မီပါတယ်။ ပုဂံပြည်က ကျောက်စာတွေအတိုင်းပါပဲ။ ထွင်းထုထားတဲ့ လက်ရာတွေကတော့ တိုးတက်လာတဲ့ ခေတ်နဲ့အညီ အဆင့်အတန်းမြင့်မားလွန်းတာကို တွေ့ရတယ်။ အခုချိန်မှာ လူအတော်များများက ကျောက်စာတွေများပြားတော့ အကုန်လုံးပြည့်ပြည့်စုံစုံ မဖတ်နိုင်ကြဘူး။ ဘုရားကြီးပရိဝုဏ်အတွင်းမှာတော့ အဆင့်မြင့်တဲ့ ဗိသုကာလက်ရာတွေ၊ စိတ်ကြည်နူးမှုတွေ၊ ပတ်ဝန်းကျင့်ရဲ့သာယာမှုတွေကိုတွေ့ရတယ်။ ပြီးတော့ဒီကိုလာရတဲ့အကျိုးက အတော်ကိုထူးမြတ်ပါတယ်။ အကျိုးကျေးဇူးရှိပါတယ်။ ဒီဘုရားကြီးကို နိုင်ငံတော်အကြီးအကဲတွေက တည်ထားပေးတဲ့အတွက် ပြည်သူပြည်သားတွေနဲ့ ခုနစ်ရက်သားသမီးတွေအားလုံး စိတ်ကြည်နူးမှုရပါတယ်။ ရောက်အောင်လည်း လာရောက်ဖူးမြော်ကြဖို့လိုပါတယ်။ ရောက်လာလို့ဘုရားကြီးကို ဖူးမြော်လိုက်ရတာနဲ့ပဲ စိတ်ရော၊ လူရောမွန်းကျပ်နေတာတွေ ပြေပျောက်စေပါတယ်။ ဘုရားကြီးရဲ့ မေတ္တာဓာတ်ကြောင့်စိတ်ထဲမှာ အေးချမ်းသွားတဲ့ ခံစားမှုတွေရရှိကြမှာပါ။

ဦးပညာဓဇ (တောင်ငူမြို့)

ဦးဇင်းကတော့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့(၁)ရပ်ကွက် ထီးလှိုင် အဘယသုခစာသင်တိုက်ကပါ။ စာသင်တိုက်က သံဃာတော်တွေ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရအောင် လိုက်ပါပို့ဆောင်ခြင်းဖြစ်ပါတယ်။ ဘုရားကြီးရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ဂန္ဓကုဋိတိုက်တွေမှာ ဗုဒ္ဓဝင်ဇာတ်တော်တွေကို ပန်းချီကားချပ်တွေနဲ့ ရေးဆွဲထားတာတွေ၊ စကျင်ကျောက်တွေပေါ်မှာ ၂၄ ပစ္စည်း အဓိပ္ပာယ်တွေကို ဖွင့်ဆိုသရုပ်ဖော်ရေးသားထားတဲ့ ပန်းပုလက်ရာတွေ တွေ့ရှိရပါတယ်။ ပြီးတော့ ပဋ္ဌာန်းအသံတွေ ဖွင့်ထားတော့စိတ်ထဲမှာ ကြည်နူးမိပါတယ်။ ဘုရားကြီးကလည်း ကြည်ညိုစရာကောင်းပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တွေအနက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက အကြီးဆုံးဆိုတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ပြီးတော့ ဗုဒ္ဓရဲ့ရုပ်ပွားဆင်းတုတော်တွေကို တည်ထားကိုးကွယ် ကြသူတွေနဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြုကိုးကွယ်၊ လိုက်နာ၊ ကျင့်ကြံကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပါအဝင် ကမ္ဘာသူကမ္ဘာသားတွေ အားလုံးဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ်ခပ်သိမ်း အပေါင်းကင်းငြိမ်းပြီးတော့ ကျန်းမာချမ်းသာဖို့အတွက် ဒီဘုရားကြီးကို တည်ထားကိုးကွယ်ထားတယ်လို့ပဲ မြင်မိပါတယ်။

ဦးသန့်ဇင် (ရမည်းသင်းမြို့နယ်)

ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သဲကွဲကျေးရွာကပါ။ ဘုရားကြီးကသပ္ပာယ်ပြီး ကြည်ညိုစရာကောင်းတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးဆိုတော့ တအံ့တဩဖြစ်ရပါတယ်။ ဘုရားကြီးရဲ့ မျက်နှာတော်က အခြားဘုရားတွေနဲ့မတူဘဲ ထူးခြားတယ်လို့ခံစားရပြီး ဖူးလို့မဝအောင်ဖြစ်ရပါတယ်။ ပြီးတော့ကျောက်စာရုံ စေတီဘက်မှာဆိုရင် ဗုဒ္ဓရဲ့နှုတ်ကပါဌ်တော်တွေကို မပျောက်ပျက်အောင် စကျင်ကျောက်တွေပေါ်မှာ ထွင်းထုရေးသားထားပြီး ထိန်းသိမ်းထားတာဟာ အတော်လေးတန်ဖိုးရှိပါတယ်။ နောင်တစ်ချိန်မှာ နောင်လာနောက်သားတွေအတွက် အမှတ်တရမှတ်တိုင်တစ်ခုလို့ပဲ မြင်မိပါတယ်။

ဦးသာရ (ပျဉ်းမနားမြို့နယ်)

ကျွန်တော်က ပျဉ်းမနားမြို့ကပါ။ ဘုရားကြီးက ကြီးကျယ်ခမ်းနားပါတယ်။ စိတ်ထဲမှာ အတော်ဘဝင်ကျမိသလို အင်မတန်မှလည်း ကြည်ညိုစရာကောင်းပါတယ်။ လည်စရာ၊ ပတ်စရာတွေနဲ့ လေ့လာစရာတွေ အများကြီးပါ။ ဂန္ဓကုဋိတိုက်ထဲမှာရှိတဲ့ ပန်းချီကားတွေ လက်ရာအတော်ကောင်းတယ်။ မှတ်သားစရာတွေလည်းပါတယ်။ ကျွန်တော့်အနေနဲ့ မကွေးမြသလွန်နဲ့ မန္တလေးကဘုရားတွေမှာ လေ့လာဖူးတယ်။ ဒါပေမဲ့ဒီမှာရှိတဲ့ ဗိသုကာလက်ရာတွေကျ ခေတ်စနစ်တွေပြောင်းလဲလာတော့ အတော်လေးလည်း အဆင့်မြင့်သွားတယ်။ ကျောက်စာရုံစေတီတွေမှာရှိတဲ့ ကျောက်စာတွေလည်း ဒီအတိုင်းပါပဲ။ ဒါတွေအားလုံးဟာ ကမ္ဘာ့အဆင့်မီပါတယ်။ တအားကျေနပ်ပီတိ ဖြစ်ရပါတယ်။

မောင်ဇွဲကိုကို (တောင်ငူမြို့)

ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတာရင်ထဲမှာ အတော်အေးချမ်းသွားပါတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ဖူးမြော်ရတဲ့အချိန်မှာ အပြင်မှာနေပူနေတယ်။ ဒါပေမဲ့ရင်ထဲမှာ မပူဘဲအေးချမ်းနေတယ်။ ဂန္ဓကုဋိတိုက်ဘက်မှာ ရေးဆွဲထားတဲ့ ပန်းချီကားတွေဆိုရင် အမြင်သစ်တယ်။ အခြားနေရာတွေမှာဆိုရင် ဆေးရောင်၊ ဆေးသားတွေ မှိန်နေတာ၊ အနံ့နံတာတွေရှိတယ်။ ဒီမှာဆိုအားလုံးက သစ်လွင်နေတယ်။ လာရောက်ဖူးမြော်တဲ့သူတွေလည်း အတော်များတယ်ဆိုတော့ အခြားသူတွေလည်း ဗဟုသုတရစရာတွေ၊ ကြည်ညိုသဒ္ဓါ ပွားများစရာတွေ အများကြီးရကြလိမ့်မယ်လို့ထင်မိပါတယ်။

ဒေါ်ညိုညိုစိန် (ပျော်ဘွယ်မြို့နယ်)

ကျွန်မတို့ မနက် ၅ နာရီလောက်က ထွက်လာတာပါ။ ရုပ်မြင် သံကြားကြည့်ရတော့ ဖူးချင်တာနဲ့လာရောက်ဖူးမြော်တာပါ။ ကိုယ်တိုင်လာရောက်ဖူးမြော်လိုက်တော့လည်း ကြည်ညိုစရာကောင်းပြီး ဝမ်းသာပီတိဖြစ်ရတယ်။ ဘုရားပရိဝုဏ်ကလည်း အကျယ်ကြီးပဲ။ ရှုခင်းအလှအပတွေလည်းအများကြီးပဲ။ ဓာတ်ပုံတွေလည်းရိုက်ပြီးပြီ။ ကျောက်စာရုံ စေတီတွေကလည်း အများကြီးပဲ။ ခရီးဝေးကလာရတာဆိုတော့ အကုန်လုံးမဖူးမြော်နိုင်ဘူး။ ဘာပဲပြောပြော ဒီဘုရားကြီးကို လာရောက်ဖူးမြော်ရတာ ကြည်နူးစရာလည်းကောင်းသလို ပျော်စရာလည်းကောင်းပါတယ်။

ကိုဇော်ထက် (မဟာအောင်မြေမြို့နယ်)

ကျွန်တော်က မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ကပါ။ ကျွန်တော်တို့ မိသားစုအားလုံး လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကို စကျင်ကျောက်သားနဲ့ ထွင်းထုပြီး တည်ထားကိုးကွယ်ထားတဲ့အတွက် အမြင်တစ်မျိုးနဲ့အံ့ဩမိသလို ကြည်ညိုစိတ်လည်း ဖြစ်မိပါတယ်။ ကျွန်တော်တို့ မနေ့ညကတည်းကရောက်တာ။ ဒီနေ့မှာပဲလာဖူးတာပါ။ ကျောက်စာတွေဆိုရင် မန္တလေးမှာရှိတဲ့ ကုသိုလ်တော်ဘုရားမှာ ရှိတယ်။ အဲဒီမှာကတော့ ရှေးဟောင်းလက်ရာတွေပါ။ ဒီမှာက သပ်သပ်ရပ်ရပ်နဲ့ဆိုတော့ အမြင်တစ်မျိုးဖြစ်ရတယ်။ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က အင်ဂျင်နီယာတွေနဲ့ အခုအင်ဂျင်နီယာတွေရဲ့အမြင်ကတော့ မတူညီနိုင်ဘူးလေ။ ဘာပဲပြောပြော ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံးဟာ ဘုရားရိပ်၊ တရားရိပ်အောက်ရောက်သွားရင် အေးချမ်းသွားကြတာပါ။ အခု ဒီဘုရားကြီးကိုလည်း လာရောက်ဖူးမြော်ကြပါလို့ ပြောချင်ပါတယ်။

မောင်အောင်ပိုင်ကျော် (အထက - ၆ နေပြည်တော်)

ကျွန်တော်ကတော့ နေပြည်တော် အ.ထ.က (၆) Grade 11 က ကျောင်းသားပါ။ ဒီကိုလာရောက်ဖူးမြော်တာကတော့ ကျောင်းက ဘုရားဖူးခရီးစဉ်နဲ့ လာတာပါ။ ကျောင်းသား ကျောင်းသူပေါင်း ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်။ ဘုရားကြီးက ကြီးမားတယ်၊ သပ္ပာယ်တယ်၊ ရင်သက်ရှုမောဖွယ်ဖြစ်ရတယ်၊ ကြည်ညိုစရာကောင်းပါတယ်။ ပြီးတော့ ဘုရားကြီးတစ်ဝန်းလုံး စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ထားတာဆိုတော့ အအေးဓာတ်ကိုပေးတယ်၊ ဆန်းလည်းဆန်းပြားနေတယ်လို့ ထင်ပါတယ်။ ဒီလိုစကျင်ကျောက်တွေနဲ့ ဆောက်လုပ်ထားတာ အခုမှပဲမြင်ဖူးတော့တယ်။ ကျောက်စာရုံဘက်ကိုတော့ ကိုယ်သိသလောက်ပြီးမှ သွားရောက်လေ့လာဖတ်ရှုမယ်။ အခုတော့ သူငယ်ချင်းတွေနဲ့ အမှတ်တရဓာတ်ပုံရိုက်မယ်၊ ပြီးမှသူငယ်ချင်းတွေနဲ့အတူ လိုက်ပြီးစူးစမ်းလေ့လာမယ်။ ဂန္ဓကုဋိတိုက်တွေထဲမှာ ဗုဒ္ဓဝင်ဇာတ်တော်တွေကို လေ့လာဖတ်ရှုရပါတယ်။ ကျွန်တော်တို့ ကျောင်းသား ကျောင်းသူတွေ၊ လူငယ်လူရွယ်တွေ ယဉ်ကျေးလိမ္မာလာအောင်ဆိုလို့ရှိရင်ဒါတွေကို ဖတ်ရှုလေ့လာသင့်ပါတယ်။ ပြီးတော့ ဘုရားသမိုင်းနဲ့ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေ အများကြီးတိုးပွားစေပါတယ်။ အခုလိုဆောက်လုပ်ထားတဲ့ အင်ဂျင်နီယာတွေကိုလည်း ချီးကျူးအားကျမိပါတယ်။

တွေ့ဆုံမေးမြန်း - အလင်းသစ်၊ သန်းတင်အောင်

ဓာတ်ပုံ - နေမျိုး