Skip to main content

“စီးပွားရေးစာချုပ်စာတမ်းများအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၁၇

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၂)ကို “စီးပွားရေးစာချုပ်စာတမ်းများအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်းခန်းမတို့၌လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက အွန်လိုင်းမှ လည်းကောင်း တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယနေ့တွင်စီးပွားရေးစာချုပ်စာတမ်းအမျိုးအစားများ၊ စာချုပ်ချုပ်ဆိုမှုအမျိုးအစားအလိုက် လိုက်နာရမည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ၊ ဥပဒေရေးရာ စည်းကမ်းသတ်မှတ်ချက်များနှင့် စာချုပ်စိစစ်အကြံပြုမှုဆိုင်ရာများကို ဆွေးနွေးသွားမည်ဟုသိရကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ယနေ့ဆွေးနွေးမည့် အကြောင်းအရာများကို အလေးထားမှတ်သားခြင်း၊ အပြန်အလှန်မေးမြန်း ဆွေးနွေးခြင်းတို့ဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် ပြန်လည်အသုံးချပြီး နိုင်ငံတော်အတွက် ပိုမိုထိရောက်အကျိုးရှိစေရေး ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအကြံအဉာဏ်ပေးရေးဦးစီးဌာန စီးပွားရေးစာချုပ်စာတမ်းများဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရေဝတာက စီးပွားရေးဆိုင်ရာစာချုပ် စာတမ်းမူကြမ်းများ စိစစ်အကြံပြုခြင်းနှင့် သက်ဆိုင်သည့် ဥပဒေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ မြေအသုံးချမှုစီမံခန့်ခွဲရေး ဆိုင်ရာညွှန်ကြားချက်များနှင့် B.O.T နှင့် မြေငှားစာချုပ်စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေး‌နွေးပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်