Skip to main content

နျူကလီးယားနှင့်ဆက်စပ်နယ်ပယ်များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသော မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊ ရုရှားတက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ROSATOM မှ ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍နျူကလီးယားနှင့် ဆက်စပ်နယ်ပယ်များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသော မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊ ရုရှားတက္ကသိုလ်များမှ ကိုယ်စားလှယ်များနှင့် ROSATOM မှ ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း “ROSATOM” မှ Ms. Vera Upirova, Senior project manager ဦးဆောင်သည့် ROSATOM မှ ကိုယ်စားလှယ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ကိုယ်စားလှယ်များနှင့် ရုရှားတက္ကသိုလ်များရှိ နျူကလီးယားနည်းပညာနှင့် ဆက်စပ်ပညာရပ် နယ်ပယ်များတွင် တက်ရောက် ပညာသင်ကြားခဲ့ကြပြီး မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသော ကျောင်းသားဟောင်းများ၊ ရုရှားနိုင်ငံရှိတက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး ရုရှားနိုင်ငံတွင် ယခုလက်ရှိ ပညာသင်ကြားနေကြသော မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများက online စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ကျောင်းသားဟောင်းများတွေ့ဆုံပွဲကို မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့်ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများသည် ပညာရေးကဏ္ဍ၊ နျူကလီးယားနည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍနှင့် အခြားသောကဏ္ဍများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အပြန်အလှန်မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ၎င်းတို့၏အတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊ MEPhI တက္ကသိုလ် ကျောင်းသားဟောင်းများက Interview ဖြေဆိုခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်