Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Martin Griffiths ကိုလက်ခံတွေ့ဆုံ

နေပြည်တော်  ဩဂုတ်  ၁၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Martin Griffiths  ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မိုခါမုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှုအခြေအနေ၊ မျိုးစေ့နှင့်မြေဩဇာများ ထောက်ပံ့ပေးနိုင်မှု၊ အာဆီယံအဖွဲ့၏ AHA Centre မှ In Country Liaison Team  က  နေပြည်တော်တွင် လာရောက်ရုံးထိုင်ပြီး အကူအညီများပေးအပ်ခဲ့မှု၊ အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT) အဖွဲ့ဝင် (၁၄) ဦး ရခိုင်ပြည်နယ်သို့ သွားရောက်၍ ကွင်းဆင်းလေ့လာမှုခဲ့မှု၊ မိတ်ဆွေနိုင်ငံများက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးအပ်မှု အခြေအနေများနှင့်  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နှင့် ဝန်ကြီးဌာနတို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ UNOCHA နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အကြား သဘောတူညီမှုစာလွှာ (LoA) သက်တမ်းတိုးရေး ကိစ္စရပ်များ၊ OCHA ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာကိစ္စရပ်များ၊ အစိုးရမဟုတ်သောနိုင်ငံတကာ အဖွဲ့အစည်းအများစုသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နားလည်မှုစာချွန်လွှာ (MoU) သက်တမ်းကုန်ဆုံးနေခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသော စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး  Mr. Ramanathan Balakrishnan၊ ရန်ကုန်မြို့ UNOCHA  ရုံးအကြီးအကဲ Mr. Sajjad Mohammad Sajid နှင့် ဝန်ကြီးဌာနဘက်မှ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)