Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများက နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၊ ကျေးရွာစာသင်ကျောင်းအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး

နေပြည်တော် ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူအပါအဝင် ကျေးရွာရှိ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ဩဂုတ် ၁၁ ရက်နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများသည် ဩဂုတ် ၁၁ ရက် နံနက် ၃ နာရီခန့်တွင် လက်နက်ငယ်များကိုင်ဆောင်၍ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသည့် ဦးအုန်းဖေ နှင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မိုးအပါအဝင် အမျိုးသား ၂ ဦး နှင့်အမျိုးသမီး ၂ ဦးတို့အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား မီးရှို့ ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးနေသည့် အပြစ်မဲ့ပြည်သူများ၏ အလောင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ မေတ္တာမွန်လူမှု ကူညီရေးအသင်းပိုင် Alphard အမျိုးအစား မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့စဉ် နံနက် ၁၀ နာရီခန့်တွင် နွားထိုးကြီး-မြင်းခြံသွားကားလမ်း၊ မိုးကန်ကျေးရွာအနီးသို့အရောက်၍ လမ်းညာဘက် ၁၀ ပေခန့်အကွာမှ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်အဝေးထိန်းမိုင်းများဖြင့် ထပ်မံပေါက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် ကျေးရွာစာသင်ကျောင်းအား ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်း စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်များအပေါ် ဒေသခံပြည်သူများအနေဖြင့် ရွံ့ရှာဆက်စုပ်မုန်းတီးလျက်ရှိကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံးရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။