နေပြည်တော် ဩဂုတ် ၁၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ရောက်ရှိပြီး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးအား အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ရှင်းလင်းဆောင်၌ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ပြည်တွင်းမှပုံနှိပ်ထုတ်ဝေသော မြန်မာနိုင်ငံဆိုင်ရာစာစုများကို စုဆောင်းထိန်းသိမ်းခြင်း၊ စာအုပ်စာတမ်းနှင့် စာအုပ်မဟုတ်သော အခြားစာပေပစ္စည်းများကို ပြည့်စုံစွာရရှိနိုင်ရေး စုဆောင်းထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော အမျိုးသားစာကြည့်တိုက်ဥပဒေနှင့်အညီ စာစုများရရှိနိုင်ရေးအတွက် ပုံနှိပ်ထုတ်ဝေသူလုပ်ငန်းရှင်များ သိရှိနိုင်ရန် ပြန်ကြားရေးဝန်ကြီးနှင့်ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်၊ အမျိုးသားစာစုစာရင်း (National Bibliography)ကို ပြုစုထုတ်ဝေခြင်း၊ စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ငှားရမ်းရေး (Interlibrary Loan)ကို နိုင်ငံတကာနှင့်ဆက်သွယ်၍ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရှေ့တောင်အာရှဒေသနိုင်ငံများကို ပထမဦးစားပေး ချိတ်ဆက်ဆောင်ရွက်သွားရန်၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အနေဖြင့် ပြည်သူလူထုအား စာကြည့်တိုက်ဝန်ဆောင်မှုနှင့် သုတပညာဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ရာ၌ Online မှ ဝန်ဆောင်မှုများ ပေးနေသည့်အပြင် စာကြည့်တိုက်သို့လာရောက်၍ စာဖတ်ရှုသူဦးရေ ယခုထက် ပိုမိုများပြားစေရေးအတွက် ဖိတ်ခေါ်၍ စာဖတ်ရှုသူများပြားလာစေရန် ပညာပေးလှုပ်ရှားမှုများ၊ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ အလင်္ကာကျော်စွာ စည်သူတက္ကသိုလ်မြတ်သူစာစုခန်း၊ ကလေးစာဖတ်ခန်း၊ အီလက်ထရွန်နစ်စာဖတ်ခန်း၊ Bibliographic Services ဌာနစိတ်၊ ပေ၊ ပုရပိုက်ဌာနစိတ်၊ Data Center တည်ဆောက်ထားမှု နှင့် e-Library စနစ်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ကို မြန်မာအမျိုးသားစာပေစုအမွေအနှစ် ဗဟိုဌာနဖြစ်စေရန် ရည်ရွယ်၍ ၂၀၁၀ ပြည့်နှစ် ဇွန် ၃ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်