နေပြည်တော် ဩဂုတ် ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းသို့ TNLA အဖွဲ့ဝင်များက အလစ်အငိုက် ဝင်ရောက်၍ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်း ၂ ဦး သေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးအရှေ့သို့ TNLA အဖွဲ့ဝင်များသည် Pajero အမျိုးအစား အဖြူရောင် မော်တော် ယာဉ်ဖြင့် ပင်လုံလမ်းမကြီး၏ မြောက်ဘက်မှ မောင်းနှင် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးရုံး အတွင်းသို့ လက်ပစ်ဗုံး တစ်လုံးဖြင့် ဖောက်ခွဲကာလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အုပ်ချုပ်ရေး မှူးရုံး အတွင်း ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်း ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူ စေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျောက်မဲမြို့နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။