နေပြည်တော် ဩဂုတ် ၁၈
အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူးအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ (SOMRDPE) အလှည့်ကျဥက္ကဋ္ဌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ယနေ့ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါအကျိုးဆက်ကြောင့် မိမိတို့ SOMRDPE မှ ဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှုပပျောက်ရေးလုပ်ငန်းများတွင် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့ SOMRDPE Focal Point များအားလုံးအနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအား တိုက်ဖျက်နိုင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေးနှင့် ပြည်သူလူထု၏ တုံ့ပြန်နိုင်စွမ်းအားမြှင့်တင်နိုင်ရေးတို့အတွက် အချိန်နှင့်တပြေးညီ ထိရောက်စွာ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ အနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Assistant Director ဖြစ်သူ Dr.Sita Sumrit တို့က အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူးအစည်းအဝေးကျင်းပနိုင်ရေး လိုအပ်သည်များ အကြံပြုဆွေးနွေး ပြောကြားကြသည်။
အဆိုပါ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအထူးအစည်းအဝေး ပြုလုပ်နိုင်ရေးအတွက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)