နေပြည်တော် ဩဂုတ် ၁၈
Telecom International Myanmar Co.,Ltd.(Mytel) က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ E-Government စနစ် ဖော်ဆောင်ရန်အတွက် Computer, Internet & Video Conferencing System ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ Telecom International Myanmar Co.,Ltd.(Mytel)မှ အလုပ် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဒေါက်တာနီလာအေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် Telecom International Myanmar Co.,Ltd.(Mytel)မှ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် E-Government စနစ်ဖော်ဆောင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (နေပြည်တော်/ ရန်ကုန်ရုံးခွဲ)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး) တို့တွင် အသုံးပြုရန်အတွက် Video Conferencing System (၆) နေရာနှင့် Fiber Optic Cable နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) သို့ Laptop ကွန်ပျူတာ အလုံး (၅၀)၊ အင်တာနက် (၁၆၀) Mbps အပါအဝင် စုစုပေါင်းငွေကျပ် ၂၀၃၅ သိန်းတန်ဖိုးရှိသည့် နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှလမ်းညွှန်ထားသော E-Government စနစ် အကောင် အထည်ဖော်ရေးလုပ်ငန်းများတွင် အောင်မြင်စေရေးအတွက် ယခုကဲ့သို့ Mytel မှ နည်းပညာနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများကို လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)