ရန်ကုန် ဇန်နဝါရီ ၁၂
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအား ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရခြင်း အထိမ်းအမှတ် ဂုဏ်ပြုကျင်းပသော နှလုံးသားအမွေခံ မဟာပုဂံ ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏသစ်ယာပင်လမ်း အနော်ရထာ ပန်းချီပြခန်းတွင် ကျင်းပသည်။
ဖျော်ဖြေတင်ဆက်
ရှေးဦးစွာ အနုပညာတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူလေးများ က ပုဂံအကများဖြင့် လည်းကောင်း၊ စာရေးဆရာ ကဗျာဆရာ မောင်အေးချမ်း(တောင်ကြီး) က မဟာပုဂံ ဂုဏ်ပြု တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အမှာစကားများပြောကြား
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာ စကားပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ အလင်္ကာကျော်စွာ ဒါရိုက်တာ ပန်းချီဦးစိုးမိုး၊ အနော်ရထာ ပန်းချီပြခန်း ဥက္ကဋ္ဌ First Milky Way Group of Companies ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးသော်တို့က ဂုဏ်ပြု အမှာစကားများ ပြောကြားကြသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦး၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများက နှလုံးသားအမွေခံ မဟာပုဂံပန်းချီပြပွဲကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပန်းချီ ပြခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။
အဆိုပါပန်းချီပြပွဲတွင် မြန်မာ နိုင်ငံ၏ နာမည်ကျော်ပန်းချီဆရာကြီး ၇၀ တို့၏ ပုဂံနှင့်သက်ဆိုင်သော ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်ပန်းချီ ကား ၇၀ ကို ဇန်နဝါရီ ၁၁ ရက်မှ ဇန်နဝါရီ ၁၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ဝင်ကြေးအခမဲ့ဖြင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး