Skip to main content

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်မြို့ သြဂုတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏အစီအစဉ်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ယနေ့အခမ်းအနားတွင် ထားဝယ်ခရိုင်အတွင်းမှာရှိသော လယ်ယာမြေဧရိယာ (၁၁၄၅ ဒသမ ၇၉) ဧကအား တောင်သူပေါင်း (၁၁၄) ဦးကိုပုံစံ-၇ (၁၅၈) ခု ထုတ်ပေးသွားမှာဖြစ်ပြီး ကျန်ရှိနေသောတောင်သူများကိုလည်း လယ်ယာမြေဥပဒေနည်းဥပဒေများနှင့်အညီပုံစံ(၇)များ ဆက်လက်ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်ပုံစံ-၇ ရရှိပြီးပါက လယ်ယာမြေ ဥပဒေပုဒ်မ-၉ ပါ လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ရာသီသီးနှံပြောင်းလဲစိုက်ပျိုးနိုင်ခွင့်မှ ထွက်ပေါ်လာသောအကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းခွင့်များ အမွေဆက်ခံခွင့်များ ရရှိလာမှာဖြစ်ကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရ တောင်သူများအနေဖြင့် လယ်ယာမြေ ဥပဒေကပေးထားသော အခွင့်အရေးများကို အပြည့်အဝအသုံးချပြီး နိုင်ငံတော်၏လယ်ယာစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း ပြောကြားသည်

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) များပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) များ လက်ခံသူများကိုယ်စား ကျောက်ရပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်နှောင်းက ကျေးဇူးတင်စကား ပြောကြားသည်

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)