Skip to main content

စိုက်ပျိုးမြေများ မလျော့နည်းရန် ထိန်းသိမ်း

မြန်မာနိုင်ငံတွင် စိုက်ပျိုး၍ ရနိုင်သော မြေဧရိယာဟက်တာ ၁၂ ဒသမ ၂၅ သန်းရှိနေပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးကဏ္ဍကို မှီခိုလုပ်ကိုင်နေကြခြင်းဖြစ်သည်။ စိုက်ပျိုး၍ ရနိုင်သောမြေသည် ထပ်မံ၍မရရှိနိုင်သော သယံဇာတအရင်းအမြစ်တစ်ခုဖြစ်ရာ ရှိရင်းစွဲစိုက်ပျိုးနိုင်သော မြေအရင်းအမြစ်များကို ယုတ်လျော့မသွားစေရန် ထိန်းသိမ်းရမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စီးပွားရေးရာ ကော်မတီအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃) ကို ဇူလိုင် ၂၆ ရက်က ကျင်းပခဲ့ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “စိုက်ပျိုးမြေများ သုံးစွဲမှုနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေး လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းပြဿနာကို အစိုးရအဆက်ဆက် ဖြေရှင်းခဲ့ကြသော်လည်း ယခုအချိန်ထိ ရှိနေဆဲဖြစ်ကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ် ထိန်းသိမ်း‌ဆောင်ရွက်သွားရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် မြေယာလုပ်သား ရှားပါးလာခြင်း၊ စိုက်ပျိုးမြေကို အခြားနည်းများဖြင့် သုံးစွဲခြင်းကြောင့် လျော့နည်းလာခြင်းတို့သည် ရေရှည်တွင် နိုင်ငံ၏စားရေရိက္ခာ အကျပ်အတည်းအထိ ဆိုက်ရောက်သွားနိုင်သည်ကို မျှော်တွေးနိုင်ကြ ရမည်ဖြစ်သည်။

သီးနှံစိုက်ပျိုးရန်သာ ခွင့်ပြုထားသော လယ်ယာမြေများကို ခွင့်ပြုမိန့်ရယူခြင်းမရှိဘဲ အခြားနည်းအသုံးပြုပါက လယ်ယာမြေဥပဒေအရ အ‌ရေးယူနိုင်သည်။ လယ်ယာမြေကို အခြားနည်း ဖြင့် အသွင်ပြောင်းအသုံးပြုလိုပါက လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဆင့်ဆင့်သို့တင်ပြပြီး ခွင့်ပြုမိန့်ရယူရန် ပြဋ္ဌာန်းထားရာ အခြားနည်းအသုံးပြုရန် တင်ပြလာမှုများအပေါ်တွင် စိုက်ပျိုးမြေများ လျော့နည်းဆုံးရှုံးမှု မဖြစ်ပေါ်စေရေးဟူသောအမြင်ဖြင့် စေ့စပ်သေချာစွာ စိစစ်သွားရန်လိုအပ်မည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် လယ်ယာမြေများ (အထူးသဖြင့် လမ်းမများနှင့်နီးကပ်သည့်) နေရာများတွင် စိုက်ပျိုးခြင်းမပြုဘဲ ကျောက်တိုင်များစိုက်၍ ခြံစည်းရိုးကာရံခြင်း၊ အဆောက် အအုံများဆောက်လုပ်ခြင်း၊ မြေဖို့ခြင်း၊ ဓာတ်ဆီဆိုင်၊ ဈေးဆိုင်များ၊ လုပ်ငန်းများလုပ်ကိုင်ခြင်းများကို မြင်တွေ့နေရသည်။

နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်အတွက် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်များ ပေးအပ်ထားခြင်းဖြစ်ရာ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိထားသူသည် လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ကိုဖြစ်စေ ရောင်းချ၊ ပေါင်းနှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းမှုပြုလုပ်ရာတွင် စင်စစ်လယ်ယာမြေလုပ်ပိုင်ခွင့်ကိုသာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်၊၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘ အခြားနည်းသုံးစွဲခြင်းက ဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ရာ‌‌ရောက်ပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်များ နှင့်အညီ ဒဏ်ကြေးငွေပေးစေခြင်း၊ သတ်မှတ်နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ လယ်ယာမြေပေါ်မှနှင်ခြင်း၊ ခွင့်ပြုချက်မဲ့ဆောက်ထားသော အဆောက်အအုံများဖယ်ရှားခြင်း စသည့်အမိန့်များ ချမှတ်နိုင်သည့်အပြင် အဆိုပါအမိန့်/ညွှန်ကြားချက်ကို မလိုက်နာပါက ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်နိုင်သည်။

စိုက်ပျိုးမြေများကို အခြားနည်းသုံးစွဲခြင်းသည် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိထိ‌‌‌ရောက်‌ရောက် ကိုင်တွယ်ရမည့်ကိစ္စဖြစ်သကဲ့သို့ မြန်မြန်ဆန်ဆန်စိစစ်ဆောင်ရွက် ရမည့်ကိစ္စလည်း ဖြစ်သည်။ လယ်ယာမြေများကို စိုက်ပျိုးထုတ်လုပ်ရန်မဟုတ်ဘဲ ပြန်လည်‌ရောင်းချရန် ရည်ရွယ်ချက်ဖြင့် အရောင်းအဝယ်ပြုနေခြင်း၊ ဥပဒေကခွင့်ပြုထားသည့် နည်းလမ်းများဖြင့် အခြားနည်းသုံးစွဲခွင့်များ ရယူအသုံးပြုခြင်းတို့ များပြားလာသည်နှင့်အမျှ စိုက်ပျိုးမြေရှားပါးလာခြင်းနှင့်အတူ အနာဂတ်တွင် နိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်မှု၊ ပြည်ပဝင်ငွေရရှိမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ စားရေရိက္ခာ ဖူလုံမှုတို့အပေါ် ကြီးမားလှသည့် သက်‌‌ရောက်မှုများ ဖြစ်ပေါ်လာနိုင်မည်ကို သတိပြုကြရမည် ဖြစ်ပါကြောင်း။ ။