Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက်ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၇

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဂုံးချွိန်ကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ကျောက်တစ်လုံးဘုရားနှင့် ကျောက်တစ်လုံးဘုန်းတော်ကြီးကျောင်းတို့၌ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၌ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး သန့်ရှင်းရေးဆောင်ရွက်နေသူများကို တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်း ထားသည့် တိုင်းရင်းဆေးမျိုးစုံတို့ကို ပေးဝေလှူဒါန်းခဲ့သည်။ ယင်းနောက် ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဘာသအား ဖူးမြော်ကြည်ညိုပြီး မြို့နယ်အတွင်းရှိ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့သစ်ရပ်ကွက်၊ မြို့မဓမ္မာရုံ၌ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း ၂၈ ကျောင်းတို့မှ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် အမှတ်(၅)တောင်ရပ်ကွက်ရှိ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနေသောကန်တော်ကြီးအား ရေပေးဝေနိုင်မှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး မြို့သစ်တောင်ရပ်ကွက်ရှိ မြို့မအားကစားကွင်းတွင် အားကစားပြိုင်ပွဲကျင်းပနိုင်ရေးတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ရမ်းဗြဲမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဇော်မင်းအေးသည် တာဝန်ရှိသူများနှင့်အတူ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၌ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်း၍ သစ်ပင်သစ်ကိုင်းများနှင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များရှင်းလင်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။