နေပြည်တော် ဇူလိုင် ၂၆
NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ အနာဂတ် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၂၀ ရက်တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း (ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် အသက် ၁၁ နှစ်အရွယ် ၎င်း၏ သားဖြစ်သူ အပါအဝင် ဆရာ၊ ဆရာမ ၅ ဦး စုစုပေါင်း ၇ ဦးတို့အား PDF အမည်ခံအကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)သို့ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်များ ကိုယ်စီကိုင်ဆောင်၍ မြို့ဟောင်း ကျေးရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခေါ်ယူ၍ စာသင်ကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ထိုင်ခိုင်းကာ ဆရာ၊ ဆရာမများအား ကြမ်းပြင်တွင် မှောက်လျက်အနေအထားဖြင့် နေခိုင်းခဲ့ကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမများအား CDM ပြုလုပ်ရန် အကြပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီ နောက်ဆုံးထား၍ ကျောင်းဝန်းအတွင်းမှ ထွက်ခွာကြရန် ခြိမ်းခြောက်ပြောဆိုပြီး ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်နှင့် ၎င်း၏သားဖြစ်သူ အသက် ၁၁ နှစ်အရွယ် မောင်အောင်ဟိန်းခန့်တို့အပါအဝင် ဆရာ၊ ဆရာမ ၅ ဦး စုစုပေါင်း ၇ ဦးတို့ကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ညနေ ၄ နာရီခွဲခန့်တွင် မြို့ဟောင်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
ထို့အပြင် ဇူလိုင် ၂၂ ရက်နေ့တွင် အဆိုပါကျောင်း၌ စိုက်ပျိုးရေးပညာရပ်များကို သင်ကြားပေးလျက်ရှိသည့် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီဌာနမှ ဒုတိယဦးစီးမှူးဖြစ်သူ ဦးသိန်းဦးသည် ၎င်း၏နေအိမ်၌ အိပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး နေအိမ်၏ အရှေ့ဘက် ဆီအုန်းခြံသို့ ဖမ်းဆီးခေါ်ဆောင်ကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးသိန်းဦးမှာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများသည် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအားသိမ်းပိုက်ပြီး ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများတူး၍ အကြမ်းဖက်စခန်းအဖြစ်အသုံးပြုခြင်း၊ ဆရာ၊ ဆရာမများအားသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့အား ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံး ပညာမဲ့သူများဖြစ်စေရေး ယုတ်မာစွာဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ အနာဂတ်လူငယ်၊ မောင်မယ်များအား ပညာသင်ကြားပေးနေသည့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ၇ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ဒုတိယဦးစီးမှူးဖြစ်သူအား သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။