မြန်မာငွေကျပ်နှစ်သောင်းတန်အသစ် ရိုက်နှိပ်ထုတ်ဝေမှုနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားထားသည်များကို ဖော်ပြလိုက်ပါသည် -
မေး ။ ။ အခုလို ငွေကျပ်နှစ်သောင်းတန် ရိုက်နှိပ်ထုတ်ဝေလိုက်တဲ့အတွက် လတ်တလောမှာ နိုင်ငံခြားငွေဈေး၊ ရွှေဈေးတွေအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အတွက် ပြည်သူတွေကစိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်ခင်ဗျာ။ ဒီလိုဖြစ်ပေါ်တဲ့အခြေအနေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ပြည်သူလူထုကို ဘာများအသိပေးပြောကြားလိုပါသလဲ ခင်ဗျာ။
ဖြေ ။ ။ ဒီကိစ္စနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အကြောင်းရင်း တွေကိုလိုက်လံစုံစမ်းကြည့်တယ်။ ပထမဦးဆုံးက ကောလာဟလပေါ့။ ကောလာဟလနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ဟာတွေကို ပထမဦးဆုံးပြောချင်တယ်။ မနေ့က မနက် ၈ နာရီမှာ ငွေကျပ်နှစ်သောင်းတန် အသစ်ထုတ်ဝေတာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ကကြေညာချက်ထွက်ခဲ့တယ်။ အဲဒီလိုဖြစ်ပြီး နေ့လယ်ပိုင်းလောက်မှာ ကောလာဟလနှစ်ခု ထွက်လာတယ်။ နံပါတ်တစ် ကောလာဟလက နှစ်သောင်းတန်တွေ အသစ်ထွက်ပြီပေါ့ဗျာ။ နောက်ထပ်လည်းထွက်လာနိုင်သေးတယ်။ နောက်ထပ်လည်း ဒါ့ထက်တန်ဖိုးမြင့်တဲ့ဟာတွေ ထွက်လာနိုင်သေးတယ်။ မြန်မာငွေကြေး တန်ဖိုးကျမယ်။ ငွေကြေးဖောင်းပွလာနိုင်တယ်ဆိုပြီး ထွက်လာတယ်။ နောက်တစ်ခုကတော့ မရှေးမနှောင်းလောက်မှာ ထပ်ပြီးထွက်လာ တာကငွေစက္ကူအသစ်တွေ ထွက်လာတဲ့အတွက် ယခင်တုန်းက သုံးနေတဲ့အဟောင်းတွေ ဖျက်သိမ်းခံရနိုင်တယ်ဆိုပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ကောလာဟလတွေ ထွက်လာတယ်။ အဲဒီလိုထွက်လာပြီး နောက်ပိုင်းမှာ အဲဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ဒေါ်လာဈေးလည်း တက်ရိပ်ပြလာတယ်။ ရွှေဈေးလည်းတက်ရိပ်ပြလာတယ်။ ရုံးပိတ်ရက် ဖြစ်တဲ့အတွက်ကြောင့် လက်တွေ့အရောင်းအဝယ်ဖြစ်တာ မဖြစ်တာထက်ဒေါ်လာဈေး တက်ရိပ်ပြလာတယ်။ ရွှေဈေးတက်ရိပ်ပြ လာတယ်။
အဲဒီလိုမျိုးဖြစ်ပြီးတော့ ဒီနေ့မနက်မှာ ဗဟိုဘဏ်ကနေပြီး အများပြည်သူသိစေရန် ထုတ်ပြန်ချက်တစ်ခုထုတ်ပြီးတော့ အမေးအဖြေကဏ္ဍတစ်ခု ထုတ်ပြန်ခဲ့တာရှိတယ်။ အဲဒီအထဲမှာအချက်အလက် ပြည့်ပြည့်စုံစုံပါပါတယ်။ နံနက် ၉ နာရီလောက်မှာ ဗဟို ဘဏ်ကထုတ်ပြန်ပြီး နံနက် ၁၀ ခွဲ ၁၁ နာရီလောက်မှာ နောက်ထပ် ကောလာဟလ တက်လာတယ်။ အဲဒါကတော့ ဗဟိုဘဏ်ရဲ့အမေးအဖြေထဲက လိုတာပဲဖြတ်ယူခဲ့တာ။ ဒီကျပ်ငွေ နှစ်သောင်းတန်ငွေစက္ကူကတစ်ယောက်ကို သုံးရွက်ရမယ်ဆိုတာမျိုးပေါ့။ မြန်မာနိုင်ငံ လူဦးရေနဲ့တွက်ရင်တောင်မှ ပိုက်ဆံအများကြီး ရိုက်နှိပ်ထုတ်ဝေပြီး ပြီဆိုတဲ့ဟာမျိုး၊ ပြီးရင်တစ်ချိန်တည်းတစ်ပြိုင်တည်းမှာပဲ တချို့ သော ပြည်ပြေးမီဒီယာတွေက ဖော်ပြလာတယ်။ မြန်မာ့စီးပွားရေးလေ့လာသူတစ်ဦးဆိုပြီး ထုံးစံအတိုင်းသူတို့ရဲ့ လုပ်ကြံဇာတ်လမ်း တွေပေါ့။ မြန်မာ့ငွေရေးကြေးရေး စောင့်ကြည့်သူတစ်ဦးဆိုပြီး အစိုးရ အနေနဲ့ ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေရပြီ၊ စီးပွားရေးအရအခြေအနေ မကောင်းဘူးဆိုပြီး ဒါတွေထွက်လာတယ်။ ထွက်လာပြီးနောက်ပိုင်းမှာဒေါ်လာဈေးနဲ့ ရွှေဈေးတက်သွားတယ်။ နောက်ပိုင်းမှာ အခြားကုန်းဈေးနှုန်းတွေပါ ဆွဲတင်ခြင်းခံလိုက်ရတယ်။ အဲဒီလို ဖြစ်လာအောင် ထိုးနှက်တိုက်ခိုက်ရတဲ့ အဓိကအကြောင်းကတော့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်မှာ ဗဟိုဘဏ်ကကြေညာချက်ထုတ်တယ်။ အဲဒီကြေညာချက်က ဘာလဲဆိုတော့ ယခင်တုန်းက ပို့ကုန်သွင်းကုန်တွေပေါ့လေ။ ပို့ကုန်ကရရှိတဲ့ ပို့ကုန်ရငွေပမာဏ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့လဲလှယ်ဖို့ ထွက်ထားတာရှိတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့ MSME လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံ တဲ့အခါမှာပဲဖြစ်ဖြစ်အချိုး ၆၅ ရာခိုင်နှုန်းပေါ့။ မြန်မာကျပ်ငွေနဲ့ လဲလှယ်ဖို့ဆိုတာကို သင့်လျော်တဲ့အချိန်မှာ ပြင်ပေးဖို့၊ လျှော့ချဖို့ ဆိုတာကို အမြဲတမ်းပြောနေတာရှိတယ်။ စီးပွားရေးလုပ်ငန်းရှင် တွေရော၊ စက်မှုလုပ်ငန်းရှင်တွေရောပေါ့။
ဒါနဲ့ပတ်သက်ပြီး ဇူလိုင် ၁၃ ရက်မှာ ကျွန်တော်တို့ကပို့ကုန်တင်ပို့ သူများအနေနဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့ လဲလှယ်မယ့်အစား ၅၀ ရာခိုင်နှုန်းသာ လဲလှယ်ရန်ဆိုပြီး ဗဟိုဘဏ်ကထုတ်ပြန်လိုက်တယ်။ ထုတ်ပြန်ပြီးနောက်ပိုင်းမှာအားလုံးလည်း သတိပြုမိလိမ့်မယ်။ ကုန်သွယ်မှုအရှိန်ပိုပြီးကောင်းလာတယ်။ ဒါ့အပြင် ဈေးကွက်အတွင်းမှာ နိုင်ငံခြားငွေရရှိမှု ပိုကောင်းလာတယ်။ ဒေါ်လာဈေးအနေနဲ့ ပိုပြီးတည်ငြိမ်သွားတယ်။ ဒါတွေဖြစ်ခဲ့တဲ့ အတွက်ကြောင့် ဒီအချိန်မှာငွေစက္ကူ နှစ်သောင်းတန်အသစ် ထုတ်ဝေတဲ့အခါမှာ ဒီဟာကိုမတည်ငြိမ်အောင် ကောလာဟလအနေနဲ့ ထပ်ဆင့်ထုတ်လွှင့်ပြီး လုပ်ဆောင်နေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ အရေးကြီးတာက ပြည်သူလူထုကို အသိပေးချင်တာ၊ အာမခံချက်ပေးချင်တာပဲ ဖြစ်ပါတယ်။ ဒီနေ့မနက် ၉ နာရီလောက်မှာ ဗဟိုဘဏ်ကအမေးအဖြေနဲ့ ထုတ်ပြန်ချက်က ပြည့်စုံပါတယ်။
ဒါပေမယ့် နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်းတွေပါတဲ့အတွက် ပြည်သူလူထုအနေနဲ့ ရှင်းရှင်းလင်းလင်းနားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အသိပေးလိုတာ ရှိပါတယ်။ နံပါတ် (၁) အချက်အနေနဲ့သိထားရမှာက ဒီငွေစက္ကူအသစ် ငွေကျပ်နှစ်သောင်းတန်က အလုံးအရင်းနဲ့ထုတ်တဲ့ ပိုက်ဆံမဟုတ်ဘူး။ အထိမ်းအမှတ်အနေနဲ့ထုတ်လိုက်တဲ့ ငွေစက္ကူပဲဖြစ်တယ်။ အခြားနိုင်ငံတွေမှာလည်း ဒီလိုအထိမ်းအမှတ်အနေနဲ့ထုတ်တဲ့ ငွေစက္ကူတွေရှိခဲ့ဖူးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ငွေစက္ကူကို အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါပေမယ့် (၇၅)နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့တုန်းကတော့ အထိမ်းအမှတ်အနေနဲ့ရွှေဒင်္ဂါးပြားတွေ ထုတ်ဝေခဲ့တာရှိပါတယ်။ အဲဒီအချိန်တုန်းကလည်း သတ်မှတ်ထားတဲ့ ငွေကြေးပမာဏပေးပြီး ဝယ်လို့ရတယ် ဆိုပေမယ့် များများစားစားဝယ်လို့ရတာမဟုတ်ပါဘူး။ အခုကိစ္စ မှာလည်း ဒီလိုပါပဲ။ ကျွန်တော်ပြောချင်တဲ့ နောက်တစ်ချက်ကဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။ ဒီငွေစက္ကူကျပ် နှစ်သောင်းတန်အသစ်က အထိမ်းအမှတ်အနေနဲ့ထုတ်ဝေတဲ့ ငွေစက္ကူဖြစ်တဲ့အတွက် အဲဒီပိုက်ဆံနဲ့တန်ဖိုးတူညီတဲ့ ငွေပမာဏကိုဘဏ်ကိုသွားသွင်းမှ ငွေစက္ကူကျပ်နှစ်သောင်းတန်အသစ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီလို ထုတ်ပေးတဲ့နေရာမှာလည်း အကန့်အသတ်ရှိပါတယ်။ ဘဏ်ကိုသွားပြီး အခုထုတ်လိုက်တဲ့ ငွေစက္ကူကျပ် နှစ်သောင်းတန်အသစ် သိန်းတစ်ရာလိုချင်လို့ဆိုပြီး ကိုယ့်ရဲ့ငွေစက္ကူအဟောင်း သိန်းတစ်ရာနဲ့ သွားပြီးလဲရင်လည်း သိန်းတစ်ရာထုတ်မပေးနိုင်ပါဘူး။ တစ်ဦးကို သုံးရွက်ပဲ ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီသုံးရွက်ကိုလည်း အလကားထုတ်ပေးမှာ မဟုတ်ပါဘူး။ မြန်မာစကားပုံနဲ့ အားလုံးနားလည်အောင် လွယ်လွယ်ပြောရမယ်ဆိုရင် ဆန်ပေးမှဆီရမယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒီငွေစက္ကူတွေကိုလည်း ငွေစက္ကူအဟောင်းနဲ့ လဲလှယ်နိုင်အောင် လုပ်တာ ဖြစ်ပါတယ်။ လာရောက်လဲလှယ်တဲ့ ငွေစက္ကူအဟောင်းတွေကိုလည်း ဗဟိုဘဏ်က အကုန်လုံးဖျက်ဆီးပစ်လိုက်မှာဖြစ် ပါတယ်။
ဒါကြောင့် ငွေရေးကြေးရေး ဈေးကွက်ထဲမှာဒီငွေစက္ကူငွေကျပ် နှစ်သောင်းတန်အသစ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ဆိုတဲ့ ကိစ္စကလုံးဝလည်း မဖြစ်နိုင်ဘူး၊ ဖြစ်လည်းမဖြစ်ပါဘူးလို့ အာမခံပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုဆိုတာ မဖြစ်နိုင်ပါဘူး။ မတည်ငြိမ်အောင် ကောလာဟလတွေ ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆ မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အာမခံ ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို လက်ခံထားတဲ့ အစိုးရဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၆ (ဃ) မှာပါတဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု ဆိုတဲ့အချက်နဲ့ ပုဒ်မ ၃၆(စ) မှာပါတဲ့ တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဆိုတဲ့ အချက်တွေနဲ့အာမခံပြီးဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ယခင်ကတရားဝင်ထုတ်ဝေထားပြီး တရားဝင်အသုံးပြုနေတဲ့ ငွေကြေးတွေကိုတရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှသတ်မှတ်မှာမဟုတ်ပါဘူး။ ဒါကိုလည်းအာမခံချက် ပေးလိုပါတယ်။ နောက်ဆုံးအနေနဲ့ အသိပေးပြောကြားလိုတာကတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကို ကောလာဟလတွေထုတ်လွှင့်ဖို့အတွက် အချိန်ကိုက် ဆောင်ရွက်နေကြတာဖြစ်တယ်။ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဒီအခြေအနေတွေကို ကောင်းစွာထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို အသိပေးပြောကြားလိုတာကတော့ ပြည်သူလူထုအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ မိမိတို့ရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ကြောင်း ကျွန်တော်တို့အနေနဲ့ အာမခံပါတယ်လို့ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။