နေပြည်တော် ဇူလိုင် ၂၄
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သပြေတန်း ကျေးရွာရှိယွန်းလျှံ လယ်ယာအထောက်အကူပြု စခန်းသို့ရောက်ရှိပြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာမိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် မျိုး၊ သွင်းအားစု၊ နည်းပညာ၊ အရင်းအနှီးများ ထောက်ပံ့ပေးလျက်ရှိပြီး အမှန်တကယ်ဆောင်ရွက် လိုသူများဖြင့် သမဝါယမအသင်းအဖွဲ့များဖွဲ့စည်း၍ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် အထွက်တိုးမျိုးစပါးများစိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်း တိုးကာဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဂရိတ်ဝေါစိုက်ပျိုးရေး ကုမ္ပဏီ၏ အထွက်တိုးမျိုးစပါးများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သပြေတန်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် အိမ်ခြေ ၃၁၈ အိမ်နှင့် လူဦးရေ ၁၂၁၂ ဦးတို့ကိုအကျိုးပြုမည့် အရှည်ပေ ၃၂၀၀ ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများ၏ ကျေးရွာစာသင် ကျောင်းသောက်သုံးရေရရှိရေး လိုအပ်ချက်တင်ပြ မှုအပေါ် ရေသန့်စက်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးမြို့နယ် ကျီးမနိုးကျေးရွာအုပ်စုရှိ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း လီမိတက်မှအသင်းအမှုဆောင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံ ပြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး၊ အသင်းပိုင်မြေဧကများကို အကျိုးရှိစွာအသုံးပြုရေး၊ သဘာဝမြေဩဇာများရောနှောအသုံးပြုရေးတို့ကိုမှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်၏ GW-11 အထွက်တိုးစပါးများ ပျိုးထောင်ထားမှု၊ ဝက်မွေးမြူထားမှု၊ နွားမွေးမြူထားမှုနှင့်နွားစာအတွက် နေဗီယာမြက် စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အုန်းချိုမွှေးပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်