Skip to main content

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမအစည်းအဝေး ပထမနေ့ ကျင်းပ

ရန်ကုန် ဇူလိုင် ၂၄

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ)နှင့် သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသကသဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။

အစည်းအဝေး အထမြောက်အောင်မြင်

ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးအထမြောက်အောင်မြင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူသည်။

(သာရဏီယ သြဝါဒကထာကို သီးခြားဖော်ပြထား ပါသည်)

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက တင်သွင်းလျှောက်ထားပြီး အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ်တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို အဖွဲ့ဝင်ဆရာတော်များက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။

ထို့နောက် ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင်ရပ်နားသည်။

မွန်းလွဲ ၁ နာရီတွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမအစည်းအဝေး ပထမနေ့ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြီး သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စရပ်များကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို ရပ်နားသည်။

နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား အရုဏ်ဆွမ်းအလှူရှင်အဖြစ် ဖခင်ဦးမောင်မောင်၊ မိခင်ဒေါ်ခင်ခင်ကြီးတို့ကိုရည်စူး၍ သမီး (သဒ္ဓမ္မဇောတိကဓဇ) ဒေါ်ပြုံးဝေသီနှင့် နေ့ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ ဇနီးဒေါ်ကြိုင်ကြိုင် အမှူးပြုသည့် ဓမ္မမိတ်ဆွေများက ဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်