Skip to main content

Yangon Book Plaza ၃ နှစ်ပြည့် စျေးရောင်းပွဲကျင်းပ

ရန်ကုန် သြဂုတ် ၁၅

လူငယ်များစာပေကို ချစ်မြတ်နိုးစေရန်၊ စာအုပ်စာပေကို တန်ဖိုးထားတတ်စေရန်၊ စာပေကို ပိုမို ဖတ်ရှု လာစေရန် ရည်ရွယ်ချက်များဖြင့် တည်ထောင် ဖွင့်လှစ်ထားသည့် Yangon Book Plaza ၃ နှစ်ပြည့် စာအုပ်စျေးရောင်းပွဲကို သြဂုတ် ၈ ရက်မှ ၁၆ ရက် အထိ လမ်းမတော်မြို့နယ် သံစျေးရှိ Yangon Book Plaza တွင် နေ့စဉ် နံနက် ၉ နာရီမှ ည ၇ နာရီ အထိ စာအုပ်များကို စျေးလျှော့ရောင်းခဲ့ကြောင်း သိရသည်။

Yangon Book Plaza တည်ထောင်သူ မြေမှုန်လွင်၏ ပြောကြားချက်အရ စတုရန်းပေ နှစ်သောင်း ကျယ်ဝန်းသည့် Yangon Book Plaza တွင် Social Distancing အရ ရွေးချယ်မည့် စာအုပ်များကို နေရာချဲပြီး စီစဉ်ထားကြောင်း၊ လူအများတိုးဝှေ့၍ ဝယ်ယူရန်မလိုကြောင်း၊ အေးဆေးစွာ ရွေးချယ်ဝယ်ယူနိုင်ရန် စီစဉ်ပေး ထားကြောင်း သိရသည်။

ထိုသို့ဝယ်ယူရာတွင် အရေအတွက်သိန်းချီရှိ စာအုပ်များကို အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၁၅ - ၂၀- ၂၅ - ၃၀ ရာခိုင်နှုန်းအထိ စျေးလျှော့ရောင်းပေး မည်ဖြစ်ပြီး လာရောက်သူများအဖို့ နှာခေါင်းစည်း တပ်ဆင်လာကြရန်နှင့် မပါရှိပါက အခမဲ့ဖြန့်ဝေ ပေးမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။


Yangon Book Plaza ပွဲတော်ကို နှစ်စဉ်မတ်လ တွင် ကျင်းပခဲ့သော်လည်း ယခုနှစ်မတ်လတွင် သံစျေး မီးလောင်မှုဖြစ်ပွားခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ကြုံတွေ့ရခြင်းတို့ကြောင့် ယခုသြဂုတ်လတွင် ကျင်းပရခြင်း ဖြစ်သည်။ ယခင်ပွဲတော်တွင် စာပေဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများ ထည့်သွင်း ကျင်းပသော်လည်း ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။

အောင်သူရ