Skip to main content

စစ်တွေမြို့နယ် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ AA အကြမ်းဖက်အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်  ဩဂုတ်  ၁၄

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဩဂုတ် ၁၂ ရက်က AA အကြမ်းဖက်အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်၌ စစ်တွေမြို့နယ် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ မောင်းနှင်လာသော သုံးဘီးယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ကျော်ကျော်ဝင်း (၃၈)နှစ်၊ မောင်ပု (၃၈)နှစ်နှင့် သာဇံ (၄၀) နှစ်တို့အား စိတ်ကြွရူးသွပ် ဆေးပြား ၁၉၆၀၀၊ မြန်မာငွေကျပ် ၁၂ သိန်း၊ လက်ကိုင်ဖုန်း သုံးလုံး၊ AA လက်မောင်းတံဆိပ်နှင့် ARAKAN ARMY စာတန်းပါ စစ်စိမ်းရောင် ယူနီဖောင်းတစ်စုံ၊ အစိမ်းရောင် ပြောက်ကျားဘောင်းဘီရှည် တစ်ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းတို့ထဲမှတစ်ဦးသည် ၂၀၁၂ ခုနှစ်တွင် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး လိုင်ဇာ၌ သင်တန်းအမှတ်စဉ် ၈/၂၀၁၂ သို့တက် ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် AAA (ARAKAN ARMY ASSISTANT) တပ်ဖွဲ့ဝင်အဖြစ် တာဝန်ပေး၍ လူထုဆက်ဆံရေးပညာအား သင်ကြားခဲ့ရကြောင်း၊ AA အကြမ်းဖက်အဖွဲ့သည် တိုက်ခိုက်ရေးလုပ်ငန်း ဆောင်ရွက်ရပြီး AAA အဖွဲ့သည် ကျေးရွာများအတွင်းနေထိုင်၍ စည်းရုံးရေး၊ လူသစ် စုဆောင်းရေးနှင့် အလှူငွေကောက်ခံသည့် လုပ်ငန်းများအား လုပ်ကိုင်ရကြောင်း၊ သင်တန်းဆင်းပြီးနောက် မြေပုံမြို့နယ် ကမ်းထောင်းကြီး တိုက်နယ်ရှိ ကမ်းထောင်းကြီးကျေးရွာ၊ ပေါက်တူးတောင်ကျေးရွာ၊ တပ်ရွာ၊ သရက်တောင်ကျေးရွာ၊ ကြီးတောကျေးရွာနှင့် စက်ခုံမော်ကျေးရွာတို့တွင် ယနေ့အချိန်အထိ စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်ပြီး AA အကြမ်းဖက်အဖွဲ့အတွက် လစဉ်အလှူငွေများ ကောက်ခံခဲ့ကြောင်း၊ တစ်လလျှင် အလှူငွေကျပ် သိန်း ၄၀ ခန့်ရရှိပြီး ကောက်ခံရရှိသည့် ငွေများဖြင့် စားနပ်ရိက္ခာများ ဝယ်ယူ၍ တောထဲရှိ AA အကြမ်းဖက် အဖွဲ့များထံ ပို့ပေးခဲ့ရကြောင်း။

မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်ရောင်းဝယ်မှုများကိုလည်း တာဝန်ပေးချက်အရ ဆောင်ရွက်ရပြီး ယခုဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မာရမကြီး ကယ်ဆယ်ရေးစခန်းအနီးနေ အောင်သိန်း(စိစစ်ဆဲ) ထံမှရယူ၍ ပါဒလိတ်စက်လှေဆိပ်သို့ ပို့ဆောင်ရန် ၎င်းတို့ သုံးဦးနှင့်အတူ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရကြောင်း သိရှိရသဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်