Skip to main content

မန္တလေးတိုင်းဒေသကြီး၌ မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုသူ ၁၃ သိန်းကျော်နှင့် ပြင်ဆင်ဖြည့်စွက်ရန် လျှောက်ထားသူ ၁၇၀၀၀၀ ကျော်ရှိ

မန္တလေး ဩဂုတ် ၁၄

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မဲစာရင်းများအား ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၃ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း လာရောက်ကြည့်ရှုသူ ၁၃ သိန်းကျော်ရှိပြီး ၎င်းတို့အနက် ပြင်ဆင်ဖြည့်စွက်တောင်းဆိုရန် လျှောက်ထားသူ ၁၇၀၀၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာရန် သတ်မှတ်ခဲ့ပြီးနောက် ဩဂုတ် ၁၄ ရက်အထိ ခုနစ်ရက် ထပ်မံတိုးမြှင့်၍ ကပ်ထားကြေညာပေးခဲ့သည်။ လာရောက်ကြည့်ရှုသူဦးရေမှာ ဩဂုတ် ၁၃ ရက်အထိ ရက်ပေါင်း ၂၀ ကာလအတွင်း ၁၃၀၀၇၉၀ ရှိပြီး ၎င်းတို့အနက် ပုံစံ(၃)ဖြင့် တောင်းဆိုသူ ၉၉၇၆၀၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ၂၆၄၅၂ ဦးနှင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ ၅၀၀၄၂ ဦး စုစုပေါင်း ပြင်ဆင်ဖြည့်စွက်တောင်းဆိုရန် လျှောက်ထားသူ ဦးရေမှာ ၁၇၆၂၅၄ ဦးရှိကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီးက မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းက ၂၀၁၅ ခုနှစ်ထက် တစ်သိန်းခွဲခန့် များလာသလို မဲစာရင်းကို စိတ်ဝင်တစား လာရောက်ကြည့်ရှုကြတဲ့ မဲဆန္ဒရှင်အရေအတွက်ကလည်း သိသိသာသာကို တိုးတက်လာပါတယ်။ ဒါ့အပြင် လွှတ်တော် အသီးသီးမှာ ဝင်ရောက်အရွေးခံကြမယ့် ကိုယ်စားလှယ်လောင်းဦးရေကလည်း ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲထက် ပိုပြီးများပြားလာတာကို တွေ့ရတယ်။

ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ သက်ဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီး မဲစာရင်းတွေကို လာရောက်ကြည့်ရှုပြင်ဆင် တောင်းဆိုကြဖို့ လှုံ့ဆော်ပေးနေပါတယ်။ များများကြည့် များများပြင် များများမှန်ဆိုတဲ့ ရည်မှန်းချက်ကို မျှော်မှန်းပြီး ဆောင်ရွက်နေပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ပြင်ဆင်ဖြည့်စွက်တောင်းဆိုမှုတွေကို ဩဂုတ် ၂၈ ရက်မှာ အပြီးဆောင်ရွက်သွားဖို့ သတ်မှတ်ထားပါတယ်ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်း က ပြောသည်။

အမည်စာရင်းတင်သွင်းထား

ယခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပါတီပေါင်း ၂၀ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူ ကိုယ်စားလှယ်လောင်း ၅၂၈ ဦးရှိပြီး တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ၁၆ ဦးရှိရာ စုစုပေါင်း နိုင်ငံရေးပါတီ ၂၀ နှင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည် စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းစာရင်းမှာ ၅၄၄ ဦးရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)