ရန်ကုန် ဩဂုတ် ၁၄
မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနစာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန် ခွဲဝေမှုဆိုင်ရာမူဘောင် သဘောတူညီချက်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန်၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဆရာကြီး စည်သူ ဒေါက်တာသော်ကောင်း တို့က အမှာစကားများ ပြောကြားကြသည်။
ထို့နောက် မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် လုပ်ငန်းတာဝန်ခွဲဝေရေးဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်နှင့် ထွန်းဖောင်ဒေးရှင်းမှ ဒေါက်တာတင်လှိုင်တို့က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြပြီး စာချုပ်များကို လဲလှယ်ကြသည်။
သတင်းစဉ်