ရန်ကုန် ဇွန် ၉
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)သို့ သွားရောက်၍ ယူရီးယား ဓာတ်မြေဩဇာ ထုတ်လုပ်မှုနှင့် စက်လည်ပတ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံသို့ရောက်ရှိရာ ယူရီးယား ဓာတ်မြေဩဇာ ထုတ်လုပ်နေမှု၊ စက်ရုံပင်မထိန်းချုပ်ခန်းတွင် Distributed Control System(DCS)စနစ်ဖြင့် စက်ရုံထိန်းချုပ် လည်ပတ်နေမှု၊ ဓာတ်ခွဲခန်းများတွင် အရည်အသွေးတိုင်းတာ စစ်ဆေးနေမှုနှင့် ယူရီးယားဓာတ်မြေ သြဇာ ထုပ်ပိုးဖြန့်ဖြူးပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း ရင်းနှီးစွာဖြင့် အတူတကွသုံးဆောင်ပြီး စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရီးယားဓာတ်မြေဩဇာသည် မရှိမဖြစ်လိုအပ်ခြင်းကြောင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ယူရီးယားဓာတ်မြေဩဇာကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ စက်ပြုပြင်ထိန်းသိမ်းရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ အထူးသဖြင့် ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေးလုပ်ငန်းများ၊ နိုင်ငံပိုင်ပစ္စည်းများ ပျက်စီးလျော့နည်း လေလွင့်မှု မရှိစေရေး၊ စက်သုံးဆီနှင့် ငွေကြေးသုံးစွဲမှု စိစစ်ချွေတာသုံးစွဲရေး၊ စက်ရုံ၏ လုံခြုံရေး၊ စာရွက်စာတမ်းနှင့် သတင်း လုံခြုံရေးတို့ကို တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အရည်အသွေးစွမ်းဆောင်ရည် တိုးတက်မြှင့်တင်နိုင်ရေး၊ စိမ်းလန်းစိုပြည် သန့်ရှင်းသပ်ရပ်လှပစေရေးနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးတို့ကို ဆောင်ရွက် ကြစေလိုကြောင်း။
ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပတ်သက်၍ တတ်နိုင်သမျှ ထောက်ပံ့ ကူညီပေးနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးချို့ယွင်း မှုများရှိပါက ဦးစားပေးအဆင့်အလိုက် စစ်ဆေးပြုပြင်ဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအတွက် ကောင်းမွန်သည့် လုပ်ငန်းခွင်ဖြစ်စေရေး၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့ အကျိုးကို ကောင်းစွာသယ်ပိုးနိုင်သော နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ထုတ်လုပ် နိုင်ရေး စက်ရုံမှူးနှင့် ဝန်ထမ်းများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးက စက်ရုံ၏ အလှည့်ဆိုင်းဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ အတွက် အင်အားဖြည့်အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်