ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာအားကစား အဖွဲ့များသည် ထူးထူးခြားခြားယှဉ်ပြိုင် အောင်ပန်းဆွတ်ခူးနိုင်ခဲ့ပေသည်။ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/ နည်းပြ ၁၀၄ ဦး စုစုပေါင်း ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့သည်။
၁၉၈၁ ခုနှစ်နောက်ပိုင်း အခြားအိမ်ရှင်နိုင်ငံများသို့ ဧည့်နိုင်ငံအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သည့် SEA GAMES ပြိုင်ပွဲများအနက် ယခုပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ အများဆုံးရယူပေးနိုင်ခဲ့သည်။ ဘောလုံးပြိုင်ပွဲ၌ အမျိုးသား၊ အမျိုးသမီးအသင်းနှစ်သင်းလုံးသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြသည် မှာ ပြည်သူတစ်ရပ်လုံးအတွက် အားတက်ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ အမျိုးသမီးဘောလုံးအသင်းသည် အုပ်စုအဆင့်၌ ပြိုင်ဘက်အသင်းကောင်းများ ဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား စသည့်အသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရပြီး အကြိုဗိုလ်လုပွဲ၌ အာဆီယံတွင် အင်အားကြီး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိရှိ အနိုင်ရရှိကာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲသို့ ပြန်လည်တက်နိုင်ခဲ့၍ မိဘပြည်သူ များအား အတိုင်းအတာတစ်ခုအထိ ကျေနပ်မှုကိုပေးနိုင်ခဲ့သည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း အရေအတွက်၊ အားကစားသမားများ ပါဝင်မှုအချိုးအစားအရ ၁၉၈၁ ခုနှစ် နောက်ပိုင်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲသမိုင်းတွင် အောင်မြင်မှုရာခိုင်နှုန်း အမြင့်မားဆုံးပြိုင်ပွဲအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်အောင်၊ ဆုတံဆိပ်များ အများဆုံးရရှိအောင် ရေကုန်ရေခန်း အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်ခဲ့ကြသည့် အားကစားမောင်မယ်များနှင့် အသင်းအုပ်ချုပ်သူ/နည်းပြများကိုပါ တစ်ဦးချင်းစီအား မည်သည့်ခေတ်အခါမျှမရဖူးသည့် ဂုဏ်ပြုချီးမြှင့်ငွေများ ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့သည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် မြန်မာအားကစား အဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အားကစားပြိုင်ပွဲများ၌ အောင်မြင်မှုရရှိခြင်းအတွက် ဝမ်းသာဂုဏ်ယူမိသကဲ့သို့ မြန်မာနိုင်ငံသားအားလုံးက လိုလားတောင့်တနေသည့် ဘောလုံးပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိရေးကိုလည်း အမျိုးသားရေးအဖြစ် ကြိုးပမ်းကြပါရန် တိုက်တွန်းလိုပါကြောင်း၊ အလားတူ အရှိန်အဝါကြီးမားခဲ့သော အစဉ်အလာရှိခဲ့သည့် ဘော်လီဘော၊ ပြေးခုန်ပစ်၊ အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်များ လွှမ်းမိုးနိုင်အောင် ကြိုးပမ်းကြရန်” အားကစားသမားများနှင့်အဖွဲ့ချုပ်များကို တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတော်က အောင်ပွဲရအားကစားသမားများကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့ခြင်းသည် အနာဂတ်ကာလ မြန်မာ့အားကစားကဏ္ဍတစ်ခုလုံး ပိုမိုအောင်မြင်မှုရရှိပြီး တောက်ပြောင်လာအောင် တွန်းအားပေးလိုက်ခြင်းဖြစ်သည်။ လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီ ယှဉ်ပြိုင်နိုင်မည့် အားကစားနည်းအရေအတွက်သာမက အားကစားသမားများအရေအတွက်ကိုပါ တိုးမြှင့်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များကို နိုင်ငံတော်အကြီးအကဲက ကြိုတင်အသိပေးမှာကြားခဲ့သည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှဒေသအတွင်း ဂုဏ်သိက္ခာအမြင့်မားဆုံး အားကစားပြိုင်ပွဲ၊ အာဆီယံနိုင်ငံများ၏ အားကစား အဆင့်အတန်းကို တိုင်းတာမှတ်ကျောက်တင်သည့် အားကစားပြိုင်ပွဲကြီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် အားကစားမောင်မယ်များအနေဖြင့် နောင်လာမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများအပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲ များတွင် ယခုထက်ပိုမို ဆက်လက်အောင်မြင်မှုရရှိစေရေး မလျှော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန်ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်သွားကြမည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ရာ မြန်မာအားကစားသမားများသည် နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး အရှေ့တောင်အာရှအားကစား အဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်ရေး ရည်မှန်းချက်များထားရှိကာ စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်ကြပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။