နေပြည်တော် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊(၂) ရပ်ကွက်နေ ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်၊ အသက်(၅၈)နှစ် သရုပ်ဆောင်/အဆိုတော် သည် မေ ၃၀ ရက် ည ၇ နာရီခန့်တွင် မော်တော်ယာဉ်ဖြင့် အပြင်မှနေအိမ်သို့ပြန်လာစဉ် နေအိမ်တိုက်ခန်းရှေ့အရောက်၌ လမ်းလျှောက်လာသည့် PDF အမည်ခံ အကြမ်းဖက်အမျိုးသား ၁ ဦးမှ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်းနှင့် ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် ဒေါ်လီလီနိုင်ကျော်တွင် ယာနားထင်ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ်ရှိတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရ သည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်မှုအပေါ် ထောက်ခံအားပေးခြင်းမရှိသည့် ရဟန်းသံဃာများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။ အထက်ပါဖြစ်စဉ်၌ဒဏ်ရာရရှိခဲ့သူ ဒေါ်လီလီနိုင်ကျော်သည် အေးချမ်းစွာအနုပညာလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အားထောက်ခံအားပေးမှုမရှိသည့် အကြောင်းပြချက်ဖြင့် ယခုကဲ့သို့လက်နက်တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်းမရှိသော အပြစ်မဲ့အမျိုးသမီးတစ်ဦးအပေါ် အကြောင်းမဲ့လူမဆန်စွာ သေနတ်ဖြင့်လာရောက်ပစ်ခတ် အကြမ်းဖက်ခဲ့ခြင်းသည် ယုတ်မာရက်စက်သောသူရဲဘောကြောင်သည့် လုပ်ရပ်ပင်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုကျူးလွန်ခဲ့သူနှင့် စေခိုင်းသူများအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။