နေပြည်တော် မေ ၃၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုရေးရာကဏ္ဍမှ ပြည်နယ်တာဝန်ခံများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက သစ်တောဆိုင်ရာ အချက်အလက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များ၊ သတ္တုဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် တပ်ဆင်ထားသော လေထုအရည်အသွေး တိုင်းတာရေးစက်ဖြင့် လေထုအရည်အသွေး တိုင်းတာဆောင်ရွက်နေမှု၊ ဓာတ်ခွဲခန်းအတွင်း အင်းလေးကန်နှင့် တောင်ကြီးဒေသ ရေထွက်မှရေနမူနာနှင့် စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိသော ရေနမူနာများဓာတ်ခွဲစမ်းသပ်နေမှု၊ ရွေ့လျားလေထုအရည်အသွေး တိုင်းတာရေးစက်ဖြင့် လေထုအရည်အသွေး တိုင်းတာဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်