Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များကလှူဒါန်းသည့် စားရေရိက္ခာများ သယ်ဆောင်ရောက်ရှိလာသည့် ပြည်တွင်းရေကြောင်းပိုင် ကုလားတန်(၆)ရေယာဉ်မှပစ္စည်းများကို နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သယ်ယူပို့ဆောင်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များမှာကြားကာ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ မာန်အောင်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ခန်းများအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။