Skip to main content

သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၂၇

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ ရောက်ရှိအခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါမြို့ရှိ လမ်းမကြီးတစ်လျှောက်တွင် လမ်းဘေးဘယ်ညာမှ လဲကျနေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါမြို့ရှိ လမ်းများအားသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် သောက်သုံးရေများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်သည်။

ထို့အတူ မြောက်ဦးမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော ဇိနိမာရ်အောင်ဘုရားအတွင်းရှိ သစ်ပင်ကြီးများလဲကျနေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများအားလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။