လွိုင်ကော် ဩဂုတ် ၁၄
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသည် ကယားပြည်နယ်အတွင်းရှိ Facility Quarantine ဝင်ရောက်နေကြ သည့် စောင့်ကြည့်လူနာများအတွက် ငွေကျပ်သိန်း (၃၀၀)၊ စားနပ်ရိက္ခာထုပ်များနှင့် COVID-19 ကာကွယ်ရေးပစ္စည်းများ စုစုပေါင်း တန်ဖိုး ငွေကျပ် (၄၇၄.၇၈) သိန်းကို ယနေ့ညနေပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်နာယကနှင့် တာဝန်ရှိသူများက ငွေကျပ်သိန်း (၃၀၀)နှင့် စားနပ် ရိက္ခာများ၊ COVID-19 ကာကွယ်ရေးပစ္စည်း များကို ပေးအပ် လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားရာတွင် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီသို့ မတည်ငွေကျပ် သိန်း(၁၅၀၀၀) လှူဒါန်းထားသည့် ကမ္ဘောဇဘဏ်သည် ၂၀၁၅ ခုနှစ်တွင် မြေပြိုမှုများကြောင့် သဘာဝဘေး သင့်ခဲ့သည့် မော်ချီးဒေသခံ တိုင်းရင်းသားများ နေထိုင်ရန် အနာဂတ်အလင်းတန်းကျေးရွာကို ငွေကျပ်သိန်း (၂၅၀၀)ကျော် အကုန်အကျ ခံကာ ပြန်လည် တည်ထောင်ပေးခဲ့ပြီး ကျေးရွာအင်္ဂါ ရပ်နှင့်အညီ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ရေတွင်းရေကန်၊ လျှပ်စစ်မီးနှင့် လမ်း စသည်တို့ကိုပါ တည်ဆောက်ပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း (၁၀၀၀)လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် ရေရှားပါးမှု မရှိစေရန် ငွေကျပ် (၃၁၅)သိန်း အကုန်အကျခံ၍ လွိုင်ကော်ပြည်သူ့ဆေးရုံတွင် စက်ရေတွင်း (၂)တွင်း၊ ပညာရေးကောလိပ်တွင် စက်ရေတွင်း (၁)တွင်း တူးဖော်ပေးခဲ့ကြောင်း၊ COVID-19 ကူးစက်မြန်ရောဂါ စိန်ခေါ်မှုကို ကာကွယ်တွန်းလှန် တိုက်ဖျက် နိုင်ရန်အတွက် ဧပြီလ (၂၉)ရက်နေ့တွင် တန်ဖိုးငွေကျပ် (၇၀၆.၅)သိန်း တန်ဖိုးရှိ ကာကွယ်ကုသရေး၊ အထောက်အကူပြု ပစ္စည်းများ၊ စားနပ်ရိက္ခာ ဆန်အိတ်များ၊ ဆေးရုံများ အတွက် Patient Monitor ၊ Oxygen Machine စသည်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ထို့အတူ ပြည်နယ်အတွင်းရှိ Facility Quarantine ဝင်ရောက်နေသည့် စောင့်ကြည့်လူနာများ၏ စားနပ်ရိက္ခာ အတွက် ငွေကျပ် (၃၁၂.၉၈)သိန်း ထောက်ပံ့ လှူဒါန်းခဲ့သည့်အပြင် ယခုဆို လျှင်လည်း ငွေကျပ် (၄၇၄.၇၈)သိန်း တန်ဖိုးရှိ စားနပ် ရိက္ခာများကို ထပ်မံ ပေးအပ်လှူဒါန်းသည့်အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပြီး ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံးကျော်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘေဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ်မှ အရာထမ်း၊ ဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)