ရန်ကုန် မေ ၂၁
မိုခါမုန်တိုင်းဒဏ်သင့်သူများအတွက် အာဆီယံနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၀၇၀၆၄ ခန့်မှန်းတန်ဖိုးရှိ ယာယီမိုးကာတဲများ၊ တာပေါ်လင်၊ Jerry Can၊ Shelter Repair Kit အပါအဝင် အခြားအရေးပေါ်သုံးပစ္စည်းများ ပါဝင်သောတန်ချိန် စုစုပေါင်း ၃၄ ဒသမ ၆၉ တန်ကျော် သယ်ဆောင်လာသည့် စင်ကာပူလေတပ်မှ C-130 နှစ်စင်းနှင့် B737-800F လေယာဉ်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။
ယခုပထမသုတ်အဖြစ် ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာ လီယန်မင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းထံ လွှဲပြောင်းပေးသည်။ အဆိုပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများ လွှဲပြောင်းပေးခြင်းသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ ရန်ကုန်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံး ကိုးရုံးမှ သံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များ၊ AHA Centre မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပစ္စည်းများကို မိုခါမုန်တိုင်းဒဏ်သင့်သူများထံသို့ ဆက်လက်ပေးပို့မည်ဖြစ်သည်။
အာဆီယံ၏ One ASEAN One Response မူအရ အာဆီယံနိုင်ငံများမှ ထောက်ပံ့မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများကို အာဆီယံအရေးပေါ် ထောက်ပံ့မှုစီမံခန့်ခွဲမှုစနစ် (Disaster Emergency Logistics System for ASEAN- DELSA) ၏ မလေးရှားနိုင်ငံ ဆူဘန်းမြို့နှင့် ထိုင်းနိုင်ငံ ချိုင်နတ်မြို့တို့ရှိ သိုလှောင်ရုံများမှ ပစ္စည်းများကို ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားတပ်မတော်လေယာဉ်များဖြင့် စုစုပေါင်း ၁၉ ခေါက် ကူညီသယ်ယူပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မိုခါမုန်တိုင်းဒဏ်သင့်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ”ကို လက်ကိုင်ထားပြီး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှု၊ အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲကော်မတီ၏ ကြီးကြပ်မှု၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းမှုတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး အာဆီယံ၊ သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်