နေပြည်တော် ဇန်နဝါရီ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဇန်နဝါရီ ၆ ရက်မှ ၉ ရက်အထိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ ကော့သောင်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အောင်သာယာကျေးရွာအဝင်လမ်းပေါ်ရှိ ပေ ၅၀ တံတားနှင့် အောင်သာယာ-လုံးတော-နမ္မနွယ်လမ်းပေါ် ရှိ ပေ ၃၀ တံတားနှစ်စင်း၊ ဘုတ်ပြင်းမြို့နယ် ဟန်ကပြု-ရွာဟေ့လူ လမ်းပေါ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်လမ်း ၆/၄ မိုင်၊ Box Culvert အစင်း ၂၀ တည်ဆောက်နေမှု၊ အဆိုပါလမ်းပေါ် ရှိ ဘေလီတံတားပေ ၃၀ တံတားနှစ်စင်းနှင့် ပေ ၂၀ တစ်စင်း၊ မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားခဲ့သည့် မြေလမ်း ၁၅/၀ မိုင်ပြုပြင်ခြင်း၊ မြေဖြတ်ခြင်း ၀/၁ မိုင် ဆောင်ရွက်နေမှု များနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ကရစ်တံတား ပေ ၁၀၀၊ ၆၅ ပေနှင့် မြေထိန်းနံရံတည်ဆောက်မှုလုပ်ငန်းခွင်များသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ပြည်ကြီးမဏ္ဍိုင်မြို့ လေညာအနောက် ရပ်ကွက် တန်ဖိုးနည်းအိမ်ရာ အလုံး ၂၀ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ ၉ ရက် တွင် တနင်္သာရီမြို့နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် ဘန်လော-ဘန်တဲ-ကျောက်မီးကျောင်း လမ်းပေါ်ရှိ ကျေးရွာချင်းဆက်မြေသား လမ်း ၅/၀ မိုင်နှင့် Box Culvert ကိုးစင်းတည်ဆောက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ အဆိုပါလမ်းပေါ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်တံတား ၄၅ ပေ၊ စတိန်သောင်-မမသောင် ကျေးရွာချင်းဆက် ကျောက်ခင်းလမ်း ၁/၂ မိုင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုဆောင်ရွက်နေသောလုပ်ငန်းများသည် ဒေသခံပြည်သူများအတွက် အကျိုးပြုမည့်လုပ်ငန်းများဖြစ်သဖြင့် တာဝန်ခံကုမ္ပဏီများအနေဖြင့် အချိန်မီပြီးစီးအောင် စေတနာထားဆောင်ရွက်သွားကြရန်နှင့် ဒေသခံပြည်သူများကလည်း လမ်းရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားကြရန်မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်