အသက် ငါးနှစ်အောက်ကလေးများကို သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးရန် စီစဉ်လျက်ရှိ
နေပြည်တော် ဧပြီ ၂၇
“ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ်” (World Immunization Week) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံအုပ်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်ရောဂါနှိမ်နင်းရေးတပ်တပ်မှူး၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသော တာဝန်ခံဆရာဝန်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဟန့်တားကာကွယ်ပေးနိုင်ခဲ့
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “The Big Catch-Up” “အမီလိုက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့်တင်ရန်” ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကာလအတွင်း ကာကွယ်ဆေးများ လုံးဝမထိုးနှံခဲ့ရသော ကလေးများနှင့် အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးအကြိမ်ပြည့်မရရှိခဲ့သော ကလေးများအားလုံးကို အသက်အရွယ်အလိုက် အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင် ဝက်သက်ကာကွယ်ဆေး တစ်မျိုးတည်းအနေဖြင့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း သေဆုံးမှုပေါင်း ၂၃ သန်းခန့်ကို ဟန့်တားကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း ၂၀ ကျော်ကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက် ကျွေးပေးခြင်းဖြင့် ကာကွယ်ဟန့်တားနိုင်ခဲ့ကြောင်း။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ပြည်သူသန်းပေါင်း ၂၄ သန်းခန့်ကို ဆင်းရဲမွဲတေမှုမှ ကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော ကမ္ဘာ့နိုင်ငံများတွင် ဝက်သက်ကာကွယ်ဆေးအတွက် အမေရိကန်တစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံလျှင် ကျန်းမာရေး ကုန်ကျစရိတ်သက်သာမှု (Return of Investment) အဖြစ် အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၅ ခန့် ပြန်လည်ရရှိသည်ကိုသိရှိရကြောင်း၊ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် မိခင်နှင့်မွေးကင်းစကလေး မေးခိုင်ရောဂါ ကင်းဝေးကြောင်းကို ၂၀၁၀ ပြည့်နှစ်တွင်လည်းကောင်း၊ ပိုလီယိုရောဂါကင်းဝေးကြောင်းကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြုပြီးဖြစ်ကြောင်း၊ ရရှိထားပြီးသည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးလွှမ်းခြုံမှုကို မြင့်မားစွာရရှိစေရန် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီး ဌာနအနေဖြင့် ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ရက်အတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် မြို့နယ်များတွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် အမီလိုက်ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ် ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် အသက် ငါးနှစ်အောက်ကလေးများကို သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးရန် စီစဉ်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းအပါအဝင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ယခုထက်ပိုမိုတိုးတက်စေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ကာကွယ်ဆေး များကို သတ်မှတ်ချက်အတိုင်း အသက်အရွယ်အလိုက် အကြိမ်ပြည့် ထိုးနှံ/တိုက်ကျွေးထားခြင်းအားဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကို ကာကွယ်နိုင်ကြောင်းသိရှိ၍ အဆိုပါရောဂါများ ကပ်အသွင် ဖြစ်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြင့်မားစွာ ဆောင်ရွက်နိုင်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ် သုံးခုနှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ကို အထူးကြိုးပမ်း ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်သုံးခုကိုလည်းကောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်မှု စွမ်းဆောင်ရည်ကောင်းမွန်သော တိုင်းဒေသကြီး၊ ပြည်နယ် သုံးခုကိုလည်းကောင်း ဆုများချီးမြှင့်ရာ သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက လက်ခံရယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းမှ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်များတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ပေးနေမှု မှတ်တမ်းပြခန်းငယ်ကို လှည့်လည်ကြည့်ရှုကြပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိခဲ့သော သုံးနှစ်အောက်ကလေးငယ်များအား ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သောကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးမှုကိုကြည့်ရှု၍ ကလေးငယ်များကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်