နေပြည်တော် ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြရာ မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင်လည်းကောင်း၊ စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်လည်းကောင်း၊ ယဉ်ကျေးမှုမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင်လည်းကောင်း ကျင်းပမှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စီစဉ်ရိုက်ကူးပြီး MRTV ရှိ Channel လေးခု မှ တိုက်ရိုက် Live ထုတ်လွှင့်လျက်ရှိသည်။
ထိုကဲ့သို့ ထုတ်လွှင့်မှုကို သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်၊ သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နှင့် သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် တို့တွင် နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ နှင့် မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ကျင်းပပုံများကို MRTV Farmers’ Channel မှ လည်းကောင်း၊ နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပပုံများကို တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း MRTV (NRC) မှ လည်းကောင်း၊ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်မှ လမ်းလျှောက်သင်္ကြန် ကျင်းပပုံများကို MRTV Sports Channel မှလည်းကောင်း၊ မန္တလေး မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် မင်္ဂလာမန္တလေးမှ လမ်းလျှောက် သင်္ကြန်ကျင်းပပုံများကို MRTV Parliament Channel မှ လည်းကောင်း တိုက်ရိုက် Live ထုတ်လွှင့်လျက်ရှိသည်။
အဆိုပါ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့မှ ကျင်းပပုံများအပြင် မြန်မာနိုင်ငံတစ်ဝန်းတွင် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ မဟာသင်္ကြန်ရေသဘင်ပွဲတော် ပျော်ရွှင်စွာ ဆင်နွှဲကြမည့် မြင်ကွင်းများကို စုစည်း၍ MRTV – HD Channel မှ မွန်းလွဲ ၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ လည်းကောင်း၊ ည ၉ နာရီခွဲခန့်တွင်လည်းကောင်း ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်သည်။
သတင်းစဉ်