နေပြည်တော် မတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မတ် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပဋိဇီဝဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေး ဓာတ်ခွဲခန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဈေးကွက်၏ ယုံကြည်မှုကို ထုတ်ကုန်၏စံချိန်စံညွှန်းသေချာကောင်းမွန်မှု အာမခံချက်ဖြင့် တည်ဆောက်ကြရမည်ဖြစ်၍ ဓာတ်ခွဲခန်းများ၏ ကဏ္ဍသည် အရေးပါသည့်လုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊ ပညာရှင်အရင်းအမြစ်များတိုးပွားရေး၊ ဓာတ်ခွဲခန်းများ ခေတ်စနစ်နှင့်အညီဖြစ်စေရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း ဓာတ်ခွဲခန်းတာဝန်ရှိသူများကို မှာကြားသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဋိဇီဝဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေးဓာတ်ခွဲခန်းအနေဖြင့် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြု ဓာတ်ခွဲခန်းထောက်ခံချက် (ISO/IEC 17025:2017) လက်မှတ်ကို ပဉ္စမအကြိမ်ရရှိထားပြီး ပဋိဇီဝဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုး စစ်ဆေးရေးဓာတ်ခွဲခန်းလုပ်ငန်းများ၊ စစ်ဆေးရေးနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပတင်ပို့သည့် မွေးမြူရေးထွက်ကုန်များတွင် ကူးစက်ရောဂါနှင့် ဓာတ်ကြွင်းများပါဝင်မှု မရှိစေရေးလုပ်ငန်းများကို မြန်မာ့မွေးမြူရေးရေထွက်ကုန်များအတွက် ဓာတုဓာတ်ကြွင်းများ စောင့်ကြည့်စစ်ဆေးမှု အမျိုးသားအဆင့်စီမံချက် (National Residue Monitoring Plan-NRMP)နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သာကေတစက်မှုဇုန်ရှိ မြန်မာရွှေဇာမဏီ စက်မှုကုမ္ပဏီလီမိတက်၏ ပြည်ပပို့ကုန် ငါး တံခွန်၊ ငါးသင်းဝါ၊ ငါးရွှေ၊ ငါးခွေး ရှာ၊ ငါးခေါင်းပွများ ထုပ်ပိုးမှုအဆင့်ဆင့်နှင့်အေးခဲမှု၊ ပြည်ပတင်ပို့မှုလုပ်ငန်းများကို သွားရောက်ကြည့်ရှုအားပေးပြီး စက်ရုံ အလုပ်ရုံနှင့် ငါးဖမ်းလုပ်ငန်းများအတွက် GMP/SSOP/HACCP သတ်မှတ်ချက်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ တိကျစွာလိုက်နာဆောင်ရွက်ရေး၊ သက်ဆိုင်ရာနိုင်ငံ၏ စံချိန်စံညွှန်းများပြည့်မီရေးနှင့် ပို့ကုန်တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူများ၊ ငါးလုပ်ငန်းရှင်များနှင့် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်စေရေး၊ GAqP အပါအဝင် ခေတ်မီ နည်းပညာအသုံးပြု ငါးပုစွန်မွေးမြူထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးလာရေး၊ ငါးဖမ်းရာသီသတ်မှတ်ခြင်း၊ အချို့ဒေသများတွင် လိုအပ်ချက်အရဇုန်များ သတ်မှတ်ထိန်းသိမ်းခြင်း၊ သဘာဝငါးမျိုးပွားခြင်းကို ခေတ်မီနည်းစနစ်များအသုံးပြု၍ လေ့လာသုံးသပ်ခြင်းလုပ်ငန်းများတွင် သက်ဆိုင်သူအားလုံးပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်