Skip to main content

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင်ထားရှိမည့် ပန်းချီကားများ ရေးဆွဲပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

မန္တလေး မတ် ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ဌာနခွဲရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေသရအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ အနုပညာအထက်တန်းကျောင်းရှိ ပန်းချီ၊ ပန်းပုဌာနနှင့် ပုသိမ်ကြီးမြို့နယ် ရွှေစာရံရှိအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)တို့တွင် ရေးဆွဲလျက်ရှိသည့် နေပြည်တော်၌ တည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက်များတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် အနုပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်တို့က ပန်းချီကားများ ရေးဆွဲပြီးစီးနေမှုနှင့် ဆက်လက် ရေးဆွဲနေမှုအခြေအနေများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်၌ တည်ထား ကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် အကြီးဆုံးဖြစ်လာမည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူဖြစ် ကြောင်း၊ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တွင်ထားရှိမည့် ဆီဆေးပန်းချီကားများဖြစ်သည့် အတွက် ရေးဆွဲသော ပန်းချီကားများကို ရေရှည်တည်တံ့ခိုင်မြဲနေအောင် နိုင်ငံတကာအဆင့်မီ ဆေးအမျိုးအစားများကို အသုံးပြုသွားရန်နှင့် ဆေးသားပြည့်ပြည့်ဝဝသုံးစွဲသွားရန်လိုအပ်ကြောင်း၊ အဆင့်အတန်းမီ လက်ရာကောင်းမွန်သော ပန်းချီကားများဖြစ်ရန်လည်းလိုအပ်ကြောင်း၊ ပန်းချီကားများ အချိန်မီပြီးစီးရေး၊ ပန်းချီအနုပညာလက်ရာများ ပိုမိုကောင်းမွန်ပြည့်စုံရေးနှင့်ရေးဆွဲပြီးသော ပန်းချီကားများနှင့်ပတ်သက်၍ လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

အနုပညာအထက်တန်းကျောင်း(မန္တလေး)သည် ဆီဆေးပန်းချီကား ၁၆ ချပ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)သည် ဆီဆေးပန်းချီကား ၂၄ ချပ်ကို တာဝန်ယူရေးဆွဲပေးလျက်ရှိကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက် ၂၄ လုံးအတွင်းတွင်ထားရှိမည့် မြန်မာတို့၏ ရှေးထုံးအစဉ်အလာနှင့်အညီ နိပါတ်တော်ပန်းချီကားများအဖြစ် ထည့်သွင်းထားရှိရန်အတွက် ဗုဒ္ဓဝင်ဆီဆေးပန်းချီကား ၉၆ ချပ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

သတင်းစဉ်