Skip to main content

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထားဝယ်မြို့နယ် ကမြောကင်းတံတားသစ်ဖွင့်လှစ်

နေပြည်တော် မတ် ၂၆

ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထားဝယ်မြို့ ထားဝယ်-ကမြောကင်း- လောင်းလုံးလမ်းပေါ်ရှိ ကမြောကင်းတံတားသစ် တည်ဆောက်ရေးစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်၍ တာဝန်ယူတည်ဆောက်လျက်ရှိရာ ၂၀၂၃ ခုနှစ် မတ် ၁၅ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် ယနေ့နံနက်ပိုင်းက ကမြောကင်းတံတားသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ခွန်စံလွင်နှင့် ဦးရန်ကျော်၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထားဝယ်-လောင်းလုံးလမ်းပေါ်ရှိ ပေ ၁၀၅၀ အရှည်ရှိသော ကမြောကင်းတံတားကြီးကို အခြားတံတား ဒီဇိုင်းများနှင့်မတူဘဲ ထားဝယ်မြို့၏ Landmark ဖြစ်စေရန် Steel Arch Type ဖြင့် ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ဖွင့်လှစ်နိုင်သောကြောင့် ဒေသခံများနှင့် ထပ်တူဝမ်းသာကြည်နူးရပါကြောင်း။

အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်

ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး အချိုးညီဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လိုအပ်ချက်များထဲမှ လမ်းပန်း ဆက်သွယ်ရေးလွယ်ကူလျင်မြန်ခြင်းသည် အလွန်အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါ ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသ၏ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့နှင့် ဆက်သွယ်ပေးလျက်ရှိသော ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်း(အာဆီယံလမ်းမကြီးအမှတ်-၁၁၂)ကို အာဆီယံ လမ်းမကြီးများ၏ လမ်းအဆင့်အတန်း သတ်မှတ်ချက်နှင့်အညီ အနည်းဆုံး ၂၄ ပေ အကျယ် နှစ်လမ်းသွား ကတ္တရာကွန်ကရစ် (AC) လမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများအဖြစ် ရာနှုန်းပြည့်ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။

 အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ

ဘုရားကြီး - မော်လမြိုင် - ထားဝယ် - မြိတ်- ဘုတ်ပြင်း - ကော့သောင်းလမ်းမကြီးနှင့် ချိတ်ဆက်လျက်ရှိပြီး ထိုင်းနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ထားသော အာဆီယံလမ်းမကြီး ကွန်ရက်တွင်ပါဝင်သည့် လေညာ-ရတနာပုံလမ်း၊ ထားဝယ်-မေတ္တာ-ထီးခီးလမ်းတို့ကိုလည်း ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် မဟာမဲခေါင်ဒေသ စီးပွားရေးစင်္ကြံလမ်းမကြီးများနှင့် ချိတ်ဆက်ပြီး အာဆီယံဒေသအတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေခြင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း။

အရေးကြီးသည့် ဦးစားပေးကဏ္ဍ၌ ပါဝင်နေ

တနင်္သာရီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် ထားဝယ်စီးပွားရေး အထူးဇုန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးအထူးစီးပွားရေးဇုန်တစ်ခုဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့နှင့် ပင်လယ်ရေကြောင်းလမ်း၊ ရထားလမ်း၊ ကားလမ်းတို့ဖြင့် ချိတ်ဆက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းပြည်၏ အဓိကဝင်ငွေရရှိသော ဓာတ်ငွေ့များထွက်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးတွင် အရေးကြီးသည့် ဦးစားပေးကဏ္ဍ၌ ပါဝင်နေပါကြောင်း။

ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်

မိမိတို့နိုင်ငံ၏ အနာဂတ် ငြိမ်းချမ်းသာယာအောင်၊ နိုင်ငံသူနိုင်ငံသားများ၏ ဘဝချမ်းမြေ့ပျော်ရွှင်အောင် နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့် ရည်မှန်းချက် ဦးတည်ချက်များကို ကြိုးပမ်းပုံဖော် လျက်ရှိပါကြောင်းနှင့် တိုင်းရင်းသားညီအစ်ကိုများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး စသည့်လုပ်ငန်းစဉ်အပေါ် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြပါရန် လိုအပ်ပါကြောင်း၊ ကမြောကင်းတံတားကြီး ရေရှည်တည်တံ့စေရေးအတွက် ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းဖေက တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တံတားတည်ဆောက်ပေးမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးအား ဒုတိယဝန်ကြီး ဦးဝင်းဖေ က အမှတ်တရလက်ဆောင် ပေးအပ်သည်။

ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး

ယင်းနောက် ကမြောကင်းတံတားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့် ဦးရန်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

တံတားပေါ်မှ ဖြတ်သန်းကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ကမြောကင်းတံတား ကမ္ပည်းကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များက အမွှေးနံ့သာရည် ပက်ဖျန်းပေးကာ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။

ကမြောကင်းတံတားသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်-ကမြောကင်း-မောင်းမ ကန်လမ်းပေါ်တွင်တည်ရှိကာ အရှေ့ဘက်ကမ်းမှာ ထားဝယ်မြို့ဖြစ်ပြီး အနောက်ဘက်ကမ်းမှာ လောင်းလုံးမြို့နယ်ဖြစ်သည်။

တံတားအမျိုးအစားမှာ အပေါ်ထည် R.C Girder, P.C Girder, Steel Arch Truss နှင့် R.C Decking Slab ဖြစ်ပြီး တံတားတိုင်ကိုယ်ထည် R.C Con-crete နှင့် အုတ်မြစ်ကို 1 . 2 m∅ ၊ 1 . 5 m∅ ၊ 2 . 8 m နှင့် Bored Pile တို့ဖြင့် တည်ဆောက်ထားကာ တံတားအရှည်ပေ ၁ဝ၅ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၅ ပေစီပါရှိသည်။ တံတားအောက် ရေလမ်းကင်းလွတ် အကျယ် ၁၆၄ ပေ၊ အမြင့် ၁၆ ပေနှင့် တံတားခံနိုင်ဝန်မှာ တန် ၆ဝ ဖြစ်သည်။

ထားဝယ်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော ယခင်တံတားဟောင်းသည် ၁၉၇၅ ခုနှစ်မှစ၍ အသုံးပြုခဲ့သဖြင့် တံတားတည်ဆောက်မှုကာလအတွင်း တံတားအကျယ်မှာ လုံလောက်မှုရှိသော်လည်း ယခုအခါ တိုးမြင့်လာသော လူဦးရေနှင့် တစ်ဦးချင်း ယာဉ်အသုံးပြုမှုပမာဏမြင့်တက်လာမှုကြောင့် အဆိုပါနေရာတွင် နှစ်လမ်းသွား တံတားတစ်စင်းလိုအပ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှသုံးသပ်၍ နှစ်လမ်းသွား သံကူကွန်ကရစ်တံတား ဟောင်းနှင့် ယှဉ်လျက်တံတားသစ်တစ်စင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနတံတားဦးစီးဌာနတည် ဆောက်ရေးအဖွဲ့ (၄)က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တံတားကြီး တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်