နေပြည်တော် မတ် ၂၁
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက သစ်တောသုတေသနဌာန စုဝေးခန်းမ ရေဆင်းတွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ပတ်ဝန်းကျင်နှင့်သစ်တောရေးရာ) ဦးထွန်းအုံ တက်ရောက် အဖွင့်အမှာစကားပြောကြား သည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ကမ္ဘာနှင့်အဝန်းသစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် ရည်ရွယ်လျက် ကုလသမဂ္ဂသစ်တောဖိုရမ် (UNFF)က ၂၀၁၃ ခုနှစ်မှစတင်ပြီး နှစ်စဉ် မတ် ၂၁ရက်ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ "International Day of Forests" အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ သစ်တောများသည် လူသားများ၏ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အစားအစာနှင့် ဆေးဝါးများ၊ သန့်ရှင်းသော သောက်သုံးရေများ ရရှိစေခြင်းတို့အပြင် လူသားများ၏ ကျန်းမာရေးကိုမြှင့်တင်ပေးသည့် ယဉ်ကျေးမှုနှင့်အပန်းပြေမှုဆိုင်ရာ အကျိုးကျေးဇူးများကိုရရှိစေပြီး လူသားတို့နေ့စဉ်ရှူရှိုက်နေသည့်လေကိုလည်း သန့်စင်ရာတွင် အရေးပါသောအခန်းတွင် ပါဝင်လျက်ရှိကြောင်း။
သစ်တော ပြုန်းတီးခြင်း၊ မြေယာအသုံးပြုမှု ပြောင်းလဲခြင်းတို့ကြောင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလာပြီး Zoonotic Diseases ဟုခေါ်သည့် တောရိုင်းတိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် ရောဂါပိုးမွှားများ ပြန့်ပွားရန်အလားအလာများ တိုးမြင့်လာခဲ့ပြီး အဆိုပါပြဿနာများကို ဖြေရှင်းနိုင်ရန် သစ်တောများကို ကျန်းမာရေးချဉ်းကပ်မှုနည်းလမ်းတစ်ခု (One Health Approach) အဖြစ် ထည့်သွင်း စဉ်းစားပြီး ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်များဖြစ်သည့် အပူချိန်အလွန်အမင်းမြင့်မားခြင်း၊ နိမ့်ကျခြင်း၊ မိုးရေချိန်အလွန်အမင်းများပြားခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းအစရှိသည်တို့သည် သစ်တောများပြုန်းတီးမှုကြောင့်ဖြစ်ကြောင်း။
ဝန်ကြီးဌာနအနေဖြင့်လည်း သစ်တောပြုန်းတီးမှုလျှော့ချရေးနှင့် သစ်တောများထာဝစဉ်တည်တံ့စေရေးတို့အတွက် ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တို့တွင် သစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ခြင်းနှင့် သစ်တောများ အရှိန်အဟုန်ဖြင့် စိုက်ပျိုး၊ ထိန်းသိမ်းပြုစုခြင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇−၂၀၁၈ မှ ၂၀၂၆−၂၀၂၇)နှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်းလုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ)ကို အကောင်အထည်ဖော်ခြင်း၊ အမြဲတမ်းသစ်တောနယ်မြေများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝ နယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်ရှိခြင်း၊ နှစ်(၃၀)အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းအရ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာ ဧက ၂ ဒသမ ၂၇ သန်းကို ဆောင်ရွက်လျက်ရှိခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းလုပ်ငန်း (REDD+)ကို နိုင်ငံအဆင့်အစီအစဉ်များ အကောင်အထည်ဖော်လျက်ရှိခြင်း အစရှိသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အခမ်းအနားတွင် ခင်းကျင်းပြသထားသည့်ပိုစတာများအား လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာလုပ်ငန်းဌာနနှင့် စီမံကိန်းများ ဆောင်ရွက်နေကြသည့် တာဝန်ခံများက ရှင်းလင်းတင်ပြကြသည်။
အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (သတ္တုရေးရာ)ဦးမင်းသူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရေဆင်း အ.ထ.က မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်