နေပြည်တော် မတ် ၁၈
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် အသစ်တူးဖော်ခဲ့သော တွင်းအမှတ် (၈၈၃)၊ ထပ်မံတူးဖော်မည့် တွင်းသစ်နေရာများနှင့် မန်းရေနံမြေတွင် အသစ်တူးဖော်မည့် တွင်းအမှတ် (၆၇၁) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထောက်ရှာပင်ရေနံမြေရှိတွင်း အမှတ် (၈၈၃) သို့ရောက်ရှိပြီး ယာယီရှင်းလင်းဆောင်တွင် ရေနံမြေ အထွေထွေမန်နေဂျာက လုပ်ငန်းဆောင်ရွက်နေမှု၊ တွင်းအမှတ် (၈၈၃)ကို နေရှင်နယ် ၅၅ / ၈ တွင်းတူးစက်ဖြင့် ရည်မှန်း အနက်ပေ ၃၆၅၀ သို့ရောက်ရှိ အောင်တူးဖော်ခဲ့မှု၊ ရေနံစိမ်းထုတ်ယူရရှိမှုနှင့် ထပ်မံတူးဖော်မည့် ရေနံတွင်းသစ်များ တူးဖော်ဆောင်ရွက်ရန် စီမံထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ရေနံနှင့် ရေနံထွက် ပစ္စည်းများ ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရေးနှင့် ပြည်တွင်း ထုတ်လုပ်မှုတိုးတက်ရေးစီမံချက်နှင့်အညီ ရေနံမြေများမှ ရေနံတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားရှာဖွေတူးဖော်ထုတ်လုပ်သွားရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရေနံမြေများတွင် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များကို ကိုင်တွယ်လုပ်ကိုင်နေရခြင်းကြောင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ရေနံမြေလုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် ရေနံမြေများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးတက်တူးဖော် ထုတ်လုပ်ရန် အစီအစဉ်များကို မှာကြားသည်။ ထို့နောက် တွင်းအမှတ် (၈၈၃) ၏ ရေနံစမ်းသပ် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေနံမြေဝန်ထမ်းများကို အမှတ်တရ သစ်သီးခြင်းနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထောက်ရှာပင် ရေနံမြေတွင် အသစ်တူးဖော်မည့် တွင်းအမှတ် BK-3901 နေရာ ကိုလည်းကောင်း၊ အသစ်တူးဖော်မည့် တွင်းအမှတ် PK-3902 နေရာကိုလည်းကောင်း၊ အသစ်တူးဖော်မည့် တွင်းအမှတ် PK-4801 နေရာ ကိုလည်းကောင်း စစ်ဆေးကြည့်ရှု အတည်ပြုပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထောက်ရှာပင်ရေနံမြေမှ မန်းရေနံမြေသို့ရောက်ရှိပြီး မန်းရေနံမြေတွင် အသစ်တူးဖော်ရန် လျာထားသည့်တွင်းအမှတ် (၆၇၁) မြေနေရာတွင် ရေနံမြေအထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ZJ7L SR 1 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၈၀၀၀ အထိတူးဖော်ပြီး ပဒေါင်းကျောက်စဉ်စုအတွင်းရှိ သဲကြောမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ စမ်းသပ်တူးဖော် ထုတ်လုပ်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်