Skip to main content

စပါးအပါအဝင် တစ်နှစ်နှစ်သီးမှ သုံးသီးစိုက်ပျိုးနိုင်ရန် ဒေသရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် သက်တမ်းတို စပါးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရန်လိုအပ်

နေပြည်တော် မတ် ၁၂

စပါးအပါအဝင် တစ်နှစ်နှစ်သီးမှ သုံးသီးစိုက်ပျိုးနိုင်ရန် ဒေသရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် သက်တမ်းတိုစပါး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရန် လိုအပ်ကြောင်း၊ မျိုးစေ့ဖူလုံစွာ အသုံးပြုနိုင်ရန် မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးစေ့ထုတ်တောင်သူများအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို မိမိတို့ဝန်ကြီးဌာနက အ‌လေးထားဆောင်ရွက်ပေးလျက်ရှိရာ မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူအဖြစ်သာမက မျိုးစေ့ထုတ်လုပ်ငန်းရှင်များအဖြစ် ပြောင်းလဲတိုးတက် အောင်မြင်လာစေရေး ကြိုးပမ်းသွားကြရန် တိုက်တွန်း ပါကြောင်း ယမန့်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စုရှိ နွေစပါး ဧက(၁၀၀)စံပြကွက်၌ တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုး‌ရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးပြောကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သဲကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ၏ ပွဲပြည့်မျိုးသန့်ခြံကို ကြည့်ရှုစစ်ဆေးပြီး ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးကောင်းမျိုးသန့် မျိုးစေ့အသုံးပြုမှု လွှမ်းခြုံနိုင်ရေးအတွက် ဌာန၊ ပုဂ္ဂလိက တောင်သူပူးပေါင်း၍ ဘဏ္ဍာနှစ်အလိုက် မျိုးသန့်မျိုးပွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အလားတူ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံဌာနခွဲ၊ ဒေသသုတေသနဗဟိုဌာန(လက်ပံတန်း)ခြံ၏ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တောင်သူများ ကိုယ်တိုင်စိုက်ပျိုးရေးနည်းပညာများနှင့် အကျွမ်းတဝင်ဖြစ်လာနိုင်မည်ဖြစ်၍ နည်းပညာပြန့်ပွားရေးအတွက် အရေးပါသော အကျိုးဆောင်တောင်သူများ တိုးပွားရေးကိုပါ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန မြန်မာ့ဆန်စပါးသုတေသနဌာန၏ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     

သတင်းစဉ်