ရန်ကုန် မတ် ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon ၌ စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ “ဘဝဇာတ်ခုံဖြစ်ရပ်စုံ” စာအုပ်များ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူနှင့် စာပေပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်နှင့် ဖိတ်ကြားထား သောဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့လှူဒါန်းပေးသည့် “ဘဝဇာတ်ခုံ ဖြစ်ရပ်စုံ” စာအုပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများတွင် ဖွင့်လှစ်ထားသော ပြည်သူ့စာကြည့်တိုက်များသို့ပေးပို့ပြီး စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှတ်ပုံတင်၍ ပြည်သူများအလွယ်တကူဖတ်ရှုနိုင်စေရေး စင်တင်ပေးခြင်းနှင့် အခမဲ့ငှားရမ်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍လည်း ငှားရမ်းပေးသွား မည်ဖြစ်ပါကြောင်း။
လူမျိုးတစ်မျိုး၏အခြေအနေ၊ အဆင့်အတန်းကိုသိရှိလိုပါက ထိုလူမျိုးများ လေ့လာလိုက်စားသည့် စာပေ၊ အနုပညာ၊ ဂီတများကိုကြည့်လျှင် သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ စာပေထွန်းကားမှသာ ကမ္ဘာတွင်ယဉ်ကျေးသိမ်မွေ့ပြီး အသိအမြင်၊ ဗဟုသုတ ပြည့်စုံသည့် လူမျိုး၊ ယဉ်ကျေးသိမ်မွေ့ပြီး အသိအမြင်၊ ဗဟုသုတပြည့်စုံသည့် လူ့ပတ်ဝန်းကျင်နှင့် ယဉ်ကျေးသိမ်မွေ့ပြီးအသိအမြင်၊ ဗဟုသုတ ပြည့်စုံသည့် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည့် ပညာရှင်များပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သည့် လူမျိုး၊ ဖွံ့ဖြိုးတိုးတက်သည့် လူ့ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံဖြစ်လာစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာစေရေးအတွက် ပြည်သူတိုင်းစာဖတ်ကြပြီး စာဖတ်ခြင်းဖြင့်မိမိဘဝ၊ မိသားစုဘဝ၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင်တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် အလှူရှင်စာရေးဆရာ မြင်းခြံကျော်အောင်(ခ) သန်းထက်စံက လှူဒါန်းရသည့် ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံ မြင်းခြံကျော်အောင် (ခ)သန်းထက်စံက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက် ၄၁၀ အတွက် စာအုပ် ၄၁၀ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူက လှူဒါန်းပွဲနှင့်ပတ်သက်၍ မုဒိတာစကားပြောကြားသည်။
ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရိုက်ကူးထုတ်လွှင့် နေသည့် “ပြည်ချစ်သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲ ပွဲစဉ်(၃)၏ MRTV-HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် နေမှုကို ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်လာကြသော ရုပ်ရှင်၊ ဂီတ၊ သဘင်မှ အနုပညာရှင်များ၊ သီဆိုဖျော်ဖြေကြသည့် တေးသံရှင်များ နှင့်ကြည့်ရှု အားပေးကြသည့် ဧည့်သည်တော်များကို ရင်းနှီးစွာနှုတ်ဆက်သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရိုက်ကူး ထုတ်လွှင့်သည့် “ပြည်ချစ်သားမွန်တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲ ပွဲစဉ်(၃)ကို ဇာတိမာန်သီချင်းတီးလုံးဖြင့် ဖွင့်လှစ်ပြီး မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင် သန်းမြတ်စိုး၊ သီရိစံ၊ မေထူးကျော်၊ မြတ်ဆုချယ်၊ ကောင်းဆက်၊ သွန်း၊ စောထက်နေယံ၊ ထွန်းပပအောင်၊ အိအိလှိုင်၊ အင်ကြင်းနိုင်ဦး၊ ကောင်းဆက်နှင့်သွန်းတို့ကဇာနည် စစ်သည်၊ ဂုဏ်ယူနေကာချစ်နေမယ်၊ ကိုကိုစစ်သားကျွန်မချစ်သူ၊ စစ်သည် မောင့်အတွက် ချစ်တေးလက်ဆောင်၊ သူရဲကောင်းတို့နှလုံးသား၊ ရတုအဆက် ဆက်သစ္စာတည်၊ တောင်ပြာတန်းက ပန်းလက်ဆောင်၊ ကောင်းကင်ယံက မြန်မာစစ်သည်၊ သီချင်းဆိုလို့အလွမ်းဖြေ မယ်၊ အကြိုတော်နှင့် ချစ်သောတပ်မတော် တေးသီချင်းတို့ဖြင့် MRTV-HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါ အစီအစဉ်နှင့်အတူ ပြည်သူများအပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်စေရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက် လျက်ရှိရာ Friday Night Live Show အစီအစဉ်များကို ဆန်းသစ်တင်ဆက်လျက်ရှိသည့်အပြင် နိုင်ငံတော်၏နေ့ကြီးရက်ကြီးများတွင်လည်း အခြေအနေအချိန်အခါနှင့် ကိုက်ညီသင့်လျော်သည့် ဂုဏ်ပြုအစီအစဉ်များကိုလည်း တင်ဆက်လျက်ရှိသည်။
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ညနေ ပိုင်းတွင် ရိုက်ကူးတင်ဆက်ခဲ့သော “ပြည်ချစ်သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲ ပွဲစဉ်(၃)၏ ဖျော်ဖြေတင်ဆက်မှုကို မတ် ၁၀ ရက် ည ၉ နာရီ တွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသခဲ့ပြီး မတ် ၁၂ ရက် နံနက် ၁၀ နာရီခွဲတွင် ပြန်လည်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်