Skip to main content

အားလုံးပူးပေါင်းပါဝင်သည့် သုတေသန Participatory Research အဖြစ် အောင်အောင်မြင်မြင် ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းရန်လိုအပ်

နေပြည်တော် မတ် ၇

သုတေသနဌာနများ၏ သုတေသနပြုဖော်ထုတ် တွေ့ရှိချက်များကို လက်တွေ့အသုံးချ သုတေသနအဖြစ် ပြောင်းလဲအသုံးချပြီး တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကိုထိရောက်သည့် အထောက်အပံ့ကောင်းအဖြစ် အကျိုးပြုနိုင်ရန် နည်းပညာပြန့်ပွားရေးလုပ်ငန်းသည် အလွန်အရေးပါကြောင်း၊ အပြန်အလှန်အားဖြင့် စိုက်ကွင်းအတွေ့အကြုံနှင့် တောင်သူ့အသံတောင်သူ့လိုအပ်ချက်ကို သုတေသနဌာနက သိရှိတုံ့ပြန် ဆောင်ရွက်ပေးနိုင်ရန် နည်းပညာပေးလုပ်ငန်းများက စွမ်းဆောင်ပေးရန်လိုကြောင်း သို့မှသာ အားလုံးပူးပေါင်းပါဝင်သည့် သုတေသန Participatory Research အဖြစ် အောင်အောင်မြင်မြင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ ပြောင်းဖူးသီးနှံအခြေပြု သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးပြောကြားသည်။

ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများက ဆောင်ရွက်ဆဲသုတေသနလုပ်ငန်းများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက လက်ရှိထုတ်ဝေထားသည့် ပြောင်းမျိုးများနှင့် ဈေးကွက်တွင်းရှိ ပြောင်းမျိုးများ၏ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်ဆိုင်သူအားလုံးပူးပေါင်းပါဝင်သော သုတေသနကို ဦးစားပေးဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအလေ့အကျင့်ကောင်းများဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာသင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်မှုလယ်ယာသင်တန်းကျောင်းက ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့် သင်တန်းအမျိုးအစားများ၊ သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး စက်မှုလယ်ယာဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လေပေးစက်ဖြင့် မြေဆွေးသဘာဝမြေဩဇာ စမ်းသပ်ထုတ်လုပ်နေမှုတို့ကိုတင်ပြကြရာ ဒုတိယဝန်ကြီးက လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေးသာမက အင်ဂျင်နီယာအတတ်ပညာကို သီးနှံစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် အပြည့်အဝအသုံးချပြီး စက်မှုလယ်ယာစနစ်၏ အသွင်နှင့်အနှစ်သာရကို ဖော်ထုတ်သွားရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လက်ရုံးကောင်းတစ်ခုအဖြစ် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်မှုလယ်ယာသင်တန်းကျောင်း၏ သင်ကြားရေး အထောက်အကူပြုစက်ကိရိယာများ၊ သင်ကြားရေးအင်ဂျင်များ၊ ထွန်ယက်ရေး၊ အပင်စိုက်ပျိုးရေး၊ အပင်ပြုစုရေး၊ ရိတ်သိမ်းခြွေလှေ့ရေးလုပ်ငန်းဆောင်ရွက်မှုအလိုက် အသုံးပြုသည့်စက်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်