Skip to main content

(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ (ပထမနေ့) စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ (ပထမနေ့) စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

ညီလာခံပထမနေ့ စာတမ်းဖတ်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက တွဲဖက်သဘာပတိအဖြစ် ဆောင်ရွက်သည်။

စာတမ်းဖတ်ပွဲတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမို့မို့ဝင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm)၏ လုံခြုံစိတ်ချရမှုနှင့်ကာကွယ်ဆေး အကျိုးအာနိသင် ထိရောက်မှုဆိုင်ရာစာတမ်းကိုလည်းကောင်း၊ ဒေါက်တာပြည့်ဖြိုးအောင်က Thalassemia သွေးရောဂါ လူနာများတွင် သွေးတွင်းသံဓာတ်ပမာဏနှင့် နှလုံးပျက်စီးခြင်း ဆက်စပ်မှုစာတမ်း ကိုလည်းကောင်း၊ ဒေါက်တာဟိန်းမြတ်စိုးက နာတာရှည် ကျောက်ကပ်ရောဂါ လူနာများတွင် သွေးတွင်း Uric Acid ပမာဏနှင့် နှလုံးကြီးခြင်းဆက်စပ်မှု ကိုလည်းကောင်း၊ ဒေါက်တာညီမင်းထက်က ဆီးချိုရောဂါ လူနာများတွင် သွေးတွင်းသကြားဓာတ်ပမာဏနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်း ဆက်စပ်မှုစာတမ်း ကိုလည်းကောင်း၊ ဒေါက်တာဖြိုးသီဟက အသည်းအဆီဖုံးခြင်းနှင့် သိုင်းရွိုက်ပုံမမှန်ခြင်း ဆက်စပ်မှု စာတမ်းကို လည်းကောင်း ဖတ်ကြားကြပြီး တက်ရောက်လာ ကြသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။

ထို့နောက် ညီလာခံသဘာပတိ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး နံနက်ပိုင်း စာတမ်းဖတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ညီလာခံကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေခံသုတေသန စာတမ်း(၁၈)စောင်၊ အသုံးချ စာတမ်း(၃၂)စောင်၊ ကျန်းမာရေးစနစ် သုတေသန စာတမ်း(၈)စောင်၊ ပိုစတာစာတမ်း(၃၄)စောင် စုစုပေါင်းစာတမ်း (၉၂)စောင် တင်သွင်းဖတ်ကြား ပြသသွားမည်ဖြစ်ပြီး ညီလာခံသို့ တင်သွင်းလာသည့် စာတမ်းများမှ အခြေခံသုတေသန (Basic Research) စာတမ်းဆုများ၊ လက်တွေ့အသုံးချ သုတေသန (Applied Research) စာတမ်းဆုများ၊ ကျန်းမာရေးစနစ်သုတေသန (Health Systems Research) စာတမ်းဆုများ၊ ပိုစတာ စာတမ်းဆုများနှင့် လူငယ်သုတေသီဆုများကို စာတမ်းဆု ရွေးချယ်ရေးဆပ်ကော်မတီက စိစစ်ရွေးချယ်၍ ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံ Pusan National University နှင့် ဂျပန်နိုင်ငံ Miyazaki University တို့မှ ပညာရှင်များက လူကိုယ်တိုင်တက်ရောက်၍ လည်းကောင်း၊ အမေရိကန်နိုင်ငံ University of California Davis မှ Online ဖြင့်တက်ရောက်၍လည်းကောင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်