Skip to main content

သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အာဆီယံ-ရုရှား ဝန်ကြီးများအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကြီးမှူးကျင်းပသည့် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အာဆီယံ-ရုရှား ဝန်ကြီးများအစည်းအဝေးကို ယနေ့တွင် Virtual စနစ်ဖြင့်ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

အဆိုပါအစည်းအဝေးသည် အာဆီယံ-ရုရှား သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး - ၂၀၂၂ ၏ အဓိကကျသော အစီအစဉ်တစ်ရပ်ဖြစ်ပြီး အာဆီယံနှင့်ရုရှားနိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူဖြစ်စေရန် ရုရှားနိုင်ငံနှင့်အာဆီယံနိုင်ငံများရှိ တက္ကသိုလ်များ၊ ပညာရေးဆိုင်ရာကျောင်းများနှင့် သုတေသနစင်တာများအပြင် ပူးတွဲ သုတေသနစီမံကိန်းများကိုပါ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်သည် အာဆီယံ - ရုရှား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး (၅)နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည့်အတွက် အာဆီယံ-ရုရှား သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်။

အစည်းအဝေးတွင် နိုင်ငံအလိုက်သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုနယ်ပယ်တွင် ဦးစားပေးဆောင်ရွက်မှုကို အသိပညာများမျှဝေဖလှယ်ခဲ့ကြပြီး ရုရှားနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်တွင် ဆောင်ရွက်နေသည့် ဦးစားပေးအစီအစဉ်များနှင့် ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားသည်။

အစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သိပ္ပံနှင့်အဆင့်မြင့်ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Valery Falkov နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ စသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးများ၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ကော်မတီဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်