နေပြည်တော် ဖေဖော်ဝါရီ ၁၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့မွန်းလွဲပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)တွင် ကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြု(ဆောင်းရာသီ) အားကစားပြိုင်ပွဲ အမျိုးသားဘော်လီဘော ဗိုလ်လုပွဲကျင်းပနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အချင်းပြည့်ဝသော နည်းပညာရှင်များမွေးထုတ်ရာတွင် သင်တန်းသား မောင်/မယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးသည်လည်းအရေးပါကြောင်း၊ ယင်းတို့သည် ကျန်းမာသုခနှင့် ပြည့်စုံမှသာ နည်းပညာစွမ်းပကားများဖြင့် MSME လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစေကာ ဒေသထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေပြီး ပြည်သူများအား ထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းတွင်းပြိုင်ပွဲများတွင် ထူးချွန်သည့်ကျောင်းသားများကို ဝန်ကြီးဌာန ကိုယ်စားပြုအသင်းမှသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်လာသည်အထိ စနစ်တကျ မြှင့်တင်ပျိုးထောင်သွားရန်၊ ကျောင်းသားများ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေရန်အတွက် ကာယလှုပ်ရှားမှုနှင့်အားကစားပွဲများကို ရာသီဥတုနှင့် ကိုက်ညီစွာပုံမှန် ကျင်းပဆောင်ရွက်သွားရန် တာဝန်ရှိသူများကို တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရာ စီမံဌာနမှူး ဦးရဲမြင့်နိုင်က အမျိုးသမီးနှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ ဒုတိယကျောင်းအုပ်ကြီး ဦးဩဩကျော်က အမျိုးသားနှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းထွန်းက စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ဆုချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီးက အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရစက်မှုအင်ဂျင်နီယာဌာန၊ ဒုတိယဆုရသုတနည်းပညာဌာန၊ တတိယဆုရ မြို့ပြအင်ဂျင်နီယာဌာနများမှ ကိုယ်စားပြုအသင်းသားများအားလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရ အီလက်ထရောနစ်အင်ဂျင်နီယာဌာန၊ ဒုတိယဆုရစက်မှု အင်ဂျင်နီယာဌာန၊ တတိယဆုရမြို့ပြ အင်ဂျင်နီယာဌာနတို့မှ ကိုယ်စားပြုအသင်းသားများအားလည်းကောင်း ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်