နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာတော်ကုသိုလ်ရှင်များလှူဒါန်းထားသည့် ဌာပနာတော်များ သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်သည့် ရတနာပလ္လင်တော်ထက်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားသို့ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘုရားဒါယကာများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရှင်းလင်းဆောင်၌ ပါဠိဆရာတော်ကြီးအမှူးပြုသည့် သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပါဠိ ဆရာတော်ကြီးအမှူးပြုသည့် သံဃာတော်များ၊ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘုရားဒါယကာများသည် ရတနာရွှေသေတ္တာတော်များ အတွင်းထည့်သွင်းထားသည့် နိုင်ငံတစ်ဝန်းလုံးရှိ (၇) ရက် သားသမီး ဘုရားဒါယကာဒါယိကာမများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အဖိုးတန်ရတနာရွှေငွေကျောက် သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါး ပြားများနှင့်ဌာပနာ ပစ္စည်းများကိုကြည့်ရှု၍ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ကြီးများထံ တင်ပြလျှောက်ထားပြီး ကြည်ညိုသဒ္ဒါပွားများကြသည်။
၎င်းနောက် ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်များက မေတ္တသုတ်တရားတော်ကို ရွတ်ပွားသရဇ္စျာယ်၍ မေတ္တာပြုတော်မူကြသည်။ ထို့နောက် ဘုရားဒါယကာများက ရတနတ္တယပူဇာဂါထာနှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပွားများ ပူဇော်ကြသည်။
ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘုရားဒါယကာများက ဆရာတော်ကြီးများ ရွတ်ပွား သရဇ္စျာယ်တော်မူကြသည့် ဇယမင်္ဂလာဂါထာတော်ကို နာယူကြည်ညိုကြသည်။
ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကို ဖတ်ကြားသည်။ မင်္ဂလာအချိန်တော်တွင် ပါဠိဆရာတော်ကြီးနှင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ နိုင်ငံတစ်ဝန်းလုံးရှိ (၇) ရက်သားသမီး ဘုရားဒါယကာဒါယိကာမများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အဖိုးတန်ရတနာရွှေငွေ ကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ အပါအဝင် ဌာပနာတော်ပစ္စည်းများ ထည့်သွင်းထားသည့် ရွှေသေတ္တာတော်များနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်တည် မော်ကွန်းကမ္ပည်း ကျောက်စာတော်တို့ကို သတ်မှတ်ဌာပနာတော် နေရာအသီးသီးတွင် ထုံးတမ်းစဉ်လာများနှင့်အညီ သွင်းလှူ ပူဇော်ကြသည်။
ထို့ပြင် စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အဖိုးတန်ရတနာ ကျောက်သံပတ္တမြားများကိုလည်း ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ကျန်ရှိသည့် ဌာပနာတိုက်တော်နေရာများတွင် တာဝန်ရှိသူများက အသီးသီးသွင်းလှူပူဇော်ကြသည်။
ထို့နောက် ပါဠိဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်သံဃာတော်များနှင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တို့သည် ဌာပနာတော်တိုက်များအား နံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။ ယင်းနောက် ပါဠိဆရာတော်ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာ အောင်ဂါထာများကို ရွတ်ဆိုပူဇော်ပြီး အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းလွှာ ကိုဖတ်ကြား၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာတော်ကုသိုလ်ရှင်များ၊ ပြည်သူပြည်သားများ အားလုံးဝမ်းမြောက်နုမော် သာဓုခေါ်ဆို နိုင်ရန်အတွက် မေတ္တာပြုအမျှပေးဝေကြကာ သာဓု ၃ ကြိမ် ရွတ်ဆိုတော်မူကြသည်။
၎င်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီး ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။
ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗုဒ္ဓဥယျာဉ်တော်အတွင်းလှည့်လည်၍ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။
ထို့ပြင် မိဘပြည်သူများ ထပ်မံ၍ကုသိုလ်ယူလှူဒါန်းနိုင်ရေး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော်များကို ထပ်မံထည့်သွင်း လှူဒါန်းပူဇော်မည်ဖြစ်ကြောင်း၊ ကုသိုလ်တော် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန် ကျောက်မျက်ရတနာများ ဌာပနာတော်ကုသိုလ်ပြုနိုင်ရန်အတွက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ခဲ့ရာ နိုင်ငံတစ်ဝန်းလုံးရှိ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများထံသို့ ဝမ်းပန်းတသာဆက်သွယ်၍ အဖိုးတန်ကျောက်မျက်ရတနာ ဌာပနာတော်ကုသိုလ်ပစ္စည်းများကို ထည့်ဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။
ထိုကဲ့သို့ နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများ ဝမ်းပန်းတသာ ဆက်သွယ်လှူဒါန်းခဲ့ကြသည့် ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံ အပါအဝင် နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာ ပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ကြောင်းနှင့် ဘုရားကြီးဘက်စုံအလှူငွေအဖြစ် ငွေကျပ် သိန်းပေါင်း ၈၁၀၀ ကျော်ကိုလည်း လက်ခံရရှိခဲ့သည်။
ထို့ပြင် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျောက်စာရုံ စေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များနှင့် ပင်မအဝင်လမ်းတို့တွင် အများပြည်သူ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် မီးထွန်းညှိ၍ အလင်းပေးပူဇော်ထားရှိကြောင်း သတင်းရရှိသည်။