Skip to main content

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား CDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့်တိုက်ခိုက်

နေပြည်တော် ဖေဖော်ဝါရီ ၉

ချင်းပြည်နယ်၊ ထန်တလန်မြို့သို့ CNF အကြမ်းဖက်အဖွဲ့နှင့် CDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ မကြာခဏပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့မှုစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုကြောင့် မြို့နေပြည်သူအချို့အနေဖြင့် မြို့မှယာယီတိမ်းရှောင်သွားခဲ့ရာ ကျန်ရှိသောမြို့ခံပြည်သူလူထုအချို့နှင့် ယာယီတိမ်းရှောင်နေသူများ၏ အိုးအိမ်အဆောက်အဦများကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့၏တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်းတို့ကို ဖေဖော်ဝါရီ ၈ ရက် ည ၁၀ နာရီမှစတင်ကာ ယနေ့နံနက်ပိုင်းအထိ CDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ရွပ်ရွပ်ချွံချွံဖြင့် အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်အဖွဲ့၏ သာလွန်အင်အားဖြင့်တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရမှုများလာခြင်းတို့ကြောင့် ယနေ့နံနက် ၂ နာရီခန့်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများရယူကာ စနစ်တကျဖြင့်ဆုတ်ခွာခဲ့ပြီး မြို့တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်းသို့ အောင်မြင်စွာ သွားရောက်ပူးပေါင်းနိုင်ခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ရသည်။ အဆိုပါ မြို့နယ်ရဲစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် မြို့လုံခြုံရေးအတွက် တပ်မတော်စစ်ကူစစ်ကြောင်းများက ယနေ့ညနေပိုင်းတွင် ထန်တလန်မြို့သို့ ရောက်ရှိစုဖွဲ့လျက်ရှိပြီး ရဲတပ်ဖွဲ့မှူးစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် ထန်တလန်မြို့အတွင်း အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်မှု (Counter-Terrorism Operation)အတွက် လိုအပ်သည်များ စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။