ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာပါခင်ဗျား
ယနေ့ဖေဖော်ဝါရီလ (၇)ရက်နေ့တွင်ကျရောက်သော (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ရှမ်းပြည်နယ်နှင့် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားမိဘပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ရှမ်းပြည်နယ်သည် မိမိတို့နိုင်ငံ၏ အရှေ့ဘက်တောင်တန်းဒေသများဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း ခြောက်သောင်းကျော်ရှိကာ တစ်ဖက်နိုင်ငံများနှင့်လည်းဆက်စပ်နေသဖြင့် နိုင်ငံအတွက်အရေးပါသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ရှမ်းမျိုးနွယ်စုများဖြစ်သော ရှမ်း၊ ပလောင်၊ ပအိုဝ်း၊ ဝ၊ ဓနု၊ ကိုးကန့်၊ လားဟူ၊ အာခါ၊ အင်းသားစသည့် ရှမ်းတိုင်းရင်းသားများနှင့်အတူ ကချင်၊ ကယား၊ လီဆူ စသည့် တိုင်းရင်းသားများစွာတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ဖြင့် စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲ စုပေါင်းနေထိုင်လျက်ရှိသော တောတောင်ရေမြေသဘာဝအလှအပများနှင့် ပြည့်စုံသည့်ပြည်နယ်ဖြစ်ပါသည်။ ထို့ပြင် မြေပေါ်မြေအောက်သယံဇာတများဖြစ်သည့် သတ္တုရိုင်းတွင်းထွက်များ၊ ကျောက်မျက်ရတနာများ၊ ကျွန်းသစ်နှင့်သစ်တောထွက်ပစ္စည်းများထွက်ရှိရာ ရေခံမြေခံကောင်းများရှိပြီး အရှေ့ဘက်ခြမ်းပြည်ပနိုင်ငံများနှင့် ထိစပ်လျက်ရှိသောကြောင့် နိုင်ငံအတွက်အရေးပါပြီး နယ်စပ်ဒေသကုန်သွယ်ရေးများဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာကတည်းကပင် သမိုင်းအထောက်အထားအခိုင်အမာဖြင့် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေများထွန်းကားခဲ့ပြီး တိုင်းရင်းသားလူမျိုးစုအားလုံးတို့ ခေတ်အဆက်ဆက် အေးအတူပူအမျှ အခြေချနေထိုင်လာခဲ့ကာ ကမ္ဘာ့အလယ်တွင်ထင်ရှားစွာ ရပ်တည်လာခဲ့သောအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့ရာတွင် နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကိုကျူးကျော်စစ်သုံးကြိမ်တိုင်တိုင် တိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပါသည်။
ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးသည် နယ်ချဲ့တို့၏ ကျူးကျော်သိမ်းပိုက်မှုကို အစွမ်းကုန်တွန်းလှန်ခဲ့ကြသကဲ့သို့ကိုလိုနီ လက်အောက်ကျရောက်စဉ် ကာလတစ်လျှောက်လုံးတွင်လည်း လွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ရရာလက်နက်ဆွဲကိုင် တွန်းလှန်ခဲ့ကြပါသည်။ ထိုသို့ နယ်ချဲ့တော်လှန်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်လည်းကောင်း၊ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် တော်လှန်ရေးကာလတို့တွင်လည်းကောင်း တစ်နိုင်ငံလုံးရှိ နိုင်ငံရေးခေါင်းဆောင်များ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ ရှမ်းပြည်နယ်မှစော်ဘွားများ၊ မျိုးချစ်ပုဂ္ဂိုလ်များ၊ လူထုခေါင်းဆောင်များနှင့် တိုင်းရင်းသားအားလုံးက ပါဝင်ခဲ့သည်မှာလည်း ပြည်နယ်၏ ကောင်းမြတ်သည့်အစဉ်အလာနှင့် ဂုဏ်ယူဖွယ်ရာ သမိုင်းများပင်ဖြစ်ပါသည်။
စစ်မှန်သောလွတ်လပ်ရေး လုံးဝမရရှိမချင်း တိုက်ပွဲပေါင်းစုံဆင်နွှဲ နေကြမည်ဟူသော သန္နိဋ္ဌာန်မှာတိုင်းရင်းသားအားလုံး၏ ရင်တွင်းတွင် ကိန်းအောင်းနေသည့် အပြင်းအထန်အခိုင်အမာဆုံးသော သန္နိဋ္ဌာန်ကြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ကြိုးပမ်းကြရာတွင် တိုင်းရင်းသားခေါင်းဆောင်များသည် တညီတညွတ် တလုံးတစည်းတည်း စုပေါင်း၍ အင်တိုက်အားတိုက်လုံးပန်းခဲ့ကြပါသည်။
မြန်မာပြည်မ၌ “ဖဆပလ”အဖွဲ့ချုပ်ကြီးဦးဆောင်၍ လွတ်လပ်ရေးတိုက်ပွဲအတွက် အပြင်းအထန်ရုန်းကန်ကြိုးပမ်းတိုက်ပွဲဝင်နေချိန်တွင် ရှမ်းပြည်နယ်ရှိ မျိုးချစ်လူကြီး၊ လူငယ်များကလည်းစုပေါင်း၍ နိုင်ငံလွတ်လပ်ရေးအတွက် မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် ပါဝင်လှုပ်ရှားခဲ့ကြပါသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် လှည့်လည်တွေ့ဆုံဆွေးနွေးချိန်တွင် တောင်ကြီးမြို့သို့ဝင်ရောက်၍ ရှမ်းပြည်နယ်မှစော်ဘွားများ၊ ကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် လန်ဒန်သို့သွားရောက်ပြီး တောင်တန်းဒေသများအပါအဝင် မြန်မာတစ်နိုင်ငံလုံးကို အတူတကွ လွတ်လပ်ရေးပေးရန် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးတောင်းဆိုခဲ့ပါသည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရှမ်းပြည်စဝ်ဖများ ကောင်စီအမှုဆောင်အဖွဲ့ဝင်စော်ဘွားများနှင့် ရှမ်းပြည်လူထုကိုယ်စားလှယ်များ ပါဝင်သည့်ပဏာမဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ပါသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရှမ်းနှင့် ကချင်ကိုယ်စားလှယ်များပူးပေါင်း၍ တွေ့ဆုံဆွေးနွေးပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များတွေ့ဆုံပြီး ဆပ်ကော်မတီဖွဲ့စည်းကာ ဆွေးနွေးဆုံးဖြတ်ချက်များကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် ဗမာပြည်မနှင့်အတူပူးပေါင်း၍ လွတ်လပ်ရေးအရယူမည့် သဘောတူဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ချမှတ်နိုင်ခဲ့ပါသည်။ ထိုသို့တောင်တန်း၊ ပြည်မ မခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးကိုအတူတကွရယူရန် ဆုံးဖြတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် ကျင်းပပြုလုပ်လာခဲ့သည်မှာ (၇၆) နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် ရှမ်းပြည်နယ်နေ့သည် သမိုင်းဝင်ပြည်ထောင်စုနေ့၏ အခြေခံ၊ ပင်လုံစာချုပ်၏ ပဋိညာဉ်များကိုချမှတ်နိုင်ခဲ့သည့် တိုင်းရင်းသားအားလုံး၊ မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော နေ့ထူးနေ့မြတ်အခါသမယပင်ဖြစ်ပါသည်။
နယ်ချဲ့တို့သည် ၎င်းတို့၏ ရေရှည်အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို ပြည်မနှင့်တောင်တန်းဒေသများခွဲခြား၍ ဥပဒေဖြင့်ကန့်သတ်ပြီး သွေးခွဲအုပ်ချုပ်ခဲ့ပါသည်။ ထို့ကြောင့် မိမိတို့တိုင်းရင်းသားများအကြား လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတို့ကြောင့် လွတ်လပ်ရေးရပြီး လပိုင်းအတွင်းမှာပင် လက်နက်ကိုင်သောင်းကျန်းမှုများဖြင့် တိုက်ပွဲများဖြစ်ကာ ယခုအချိန်ထိ တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးဖြစ်သော်လည်း လွတ်လပ်ရေးအရသာကို မိမိတို့တိုင်းရင်းသားအားလုံး ပြည့်ပြည့်ဝဝမခံစားနိုင်ကြဘဲ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်နေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံအေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှ အရေးပါလျက်ရှိသလို နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် ကြီးမားသော မောင်းနှင်အားတစ်ရပ်လည်းဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားရမည်ဖြစ်ပါသည်။ ယနေ့အချိန်တွင် ငြိမ်းချမ်းရေးမရရှိသေးသည့် နယ်မြေဒေသများရှိ ဒေသခံပြည်သူများသည် နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားကိုထိခိုက်စေသည့် ဆူပူအကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကို စိတ်ကုန်မုန်းတီးနေကြပြီဖြစ်ပါသည်။ မိမိတို့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းစွာ အတူတကွနေထိုင်လိုခြင်းသည် တိုင်းရင်းသားပြည်သူအားလုံး၏ တူညီပြင်းပြသော ဆန္ဒပင်ဖြစ်ပါသည်။
ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား အပြန်အလှန်နားလည် ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကိုအခြေခံလျက် စည်းလုံးညီညွတ်မှုတို့ကို တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးတစ်ရက်စောပြီးတည်ဆောက်နိုင်လျှင် ပြည်သူများအတွက် တစ်ရက်စောပြီး အကျိုးရှိမည်ဖြစ်ပါသည်။
ယနေ့အချိန်အခါတွင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အစဉ်တစိုက်ကြိုးပမ်းမှုများကြောင့် ဆွေးနွေးပွဲများကျင်းပလာနိုင်သဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများတိုးတက်ရရှိနိုင် တော့မည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၁၂)ရပ်တို့ကိုချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိပါသည်။ မြန်မာနိုင်ငံကြီးအား လွတ်လပ်မှု၊ လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
လက်ရှိအခြေအနေတွင် ရှမ်းပြည်နယ်ဒေသအများစုမှာ ဆူပူအကြမ်းဖက်မှုနှင့် တိုက်ပွဲများကင်းဝေးပြီး အေးချမ်းသာယာမှုရှိနေသည်မှာ အားရဝမ်းသာစရာဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသအချို့ပါ တည်ငြိမ်အေးချမ်းလာပါက ပြည်နယ်တစ်ခုလုံးသာယာအေးချမ်းပြီး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတို့သည် လက်ရှိပကတိလိုအပ်ချက်များဖြစ်သဖြင့် လက်နက်ကိုင်ပဋိပက္ခများ ထာဝရချုပ်ငြိမ်းရေးအတွက် အလေးထားကြိုးစားဆောင်ရွက်နေပါသည်။ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင်ပါရှိသည့် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်းဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထာဝရငြိမ်းချမ်းရေးကို မျှော်လင့်ချက်ကြီးစွာဖြင့် ယခုနှစ်ကုန်ထိ ငါးနှစ်တိုင်ရပ်စဲပေးထားပြီး ငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်သောစစ်ပွဲ၊ တိုက်ပွဲများကို ရှောင်ရှားပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်၌ အစဉ်တစိုက်အဖြေရှာနိုင်ရေး တံခါးဖွင့်ပေးထားခြင်းဖြစ်ပါသည်။ မိမိတို့၏ ဆန္ဒ၊ မိမိဒေသ၊ မိမိအဖွဲ့အစည်းအကျိုးစီးပွားထက်ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့်တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဘက်ကသာရပ်တည်ပြီး စိတ်စေတနာကောင်းဖြင့် သဘောထားကြီးမှုကို ပြသကြရမည့်ငြိမ်းချမ်းရေးအတွက် အချိန်အခါကောင်းဖြစ်ကြောင်း အသိပေးတိုက်တွန်းအပ်ပါသည်။
တိုင်းရင်းသားညီအစ်ကိုများအကြား ၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုပုံစံမျိုးတို့ကို ပြန်လည်ရရှိအောင် တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။ လွန်ခဲ့သော(၇၆)နှစ်က ပင်လုံမြို့ကလေးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သလို ယနေ့အချိန်အခါတွင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ရေးအားလုံးဝိုင်းဝန်း ကြိုးစားသွားကြရမည်ဖြစ်ပါသည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဖက်ဒရယ်စနစ်ကိုအခြေခံသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ပင်လုံစိတ်ဓာတ်အရင်းခံကာ ချစ်ကြည်စည်းလုံးစွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ