Skip to main content

NUG/PDF အကြမ်းဖက်သမားများနှင့် KIA သောင်းကျန်းသူပူးပေါင်းအဖွဲ့များမှ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသည့် NUG၊ PDF အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ဘက်ပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအား တိုက်ခိုက်ဖျက်ဆီးလျက်ရှိခြင်း၊ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲပြီးအကြောင်းမဲ့ သတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိသည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဆက်စပ်နယ်မြေအတွင်းရှိ ကျေးရွာများအား KIA သောင်းကျန်းသူအဖွဲ့များနှင့်ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးမှုများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လျက်ရှိပါသည်။

မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း NUG/PDF အကြမ်းဖက်သမားများနှင့် KIA သောင်းကျန်းသူပူးပေါင်းအဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာပေါင်း ၂၂ ရွာနှင့် မီးလောင်မှု ၂၃ ကြိမ်ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူများ၏ နေအိမ် ၁၁၂၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မီးရှို့ခံရသည့်ဖြစ်စဉ်များအား စိစစ်ဖော်ထုတ်ခဲ့ရာ မျက်မြင်ကိုယ်တွေ့ဒုက္ခကြုံတွေ့ခဲ့ရသည့် ကျေးရွာပြည်သူများ၏ ရင်ဖွင့်ပြောကြားချက်များအရ NUG၊ PDF၊ KIA အကြမ်းဖက်သမားများသည် ၎င်းတို့၏အကြမ်းဖက်လုပ်ငန်းများကို မထောက်ခံသည့်ကျေးရွာများ၊ ဆက်ကြေးမပေးသည့်ကျေးရွာများနှင့် ၎င်းတို့၏ အန္တရာယ်ကိုကာကွယ်ရန် ပြည်သူ့စစ်ဖွဲ့စည်းထားသည့် ကျေးရွာများကို အဓိကပစ်မှတ်ထား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့်ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏ နောက်သို့ထပ်ကြပ်လိုက်ပါ၍ နှိမ်နင်းမှုများမဆောင်ရွက်နိုင်စေရန် ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက် လူနေအိမ်များအား မီးရှို့ထွက်ပြေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအား မောင်းထုတ်ကာ ၎င်းတို့မရှိချိန်မီးရှို့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့လေဟန်မဟုတ်မမှန်လုပ်ကြံပြီး ရွာသားများကို အသိပေးခြင်းများအား ရက်စက်ယုတ်မာစွာကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။ မီးရှို့ဖြစ်စဉ်များကို မျက်မြင်ကိုယ်တွေ့ ဒုက္ခကြုံတွေ့ခဲ့ရသည့် ကျေးရွာပြည်သူများ၏  ရင်ဖွင့်ပြောကြားချက်များကို ယခုလိုပဲ စိတ်မချမ်းမြေ့ဖွယ်ကြားသိရပါတယ်----

သူတို့တွေ အဝင်/အထွက်တော့ရှိတာပဲ။ ယူနီဖောင်းတွေနဲ့ ဘာတွေလဲတော့ မသိဘူး။ ၄၀/၅၀ လောက်ပဲ။ အရပ်ဝတ်တွေရော၊ ပြောက်ကျားအစိမ်းတွေနဲ့ရော။ ကျွန်တော့်အိမ်ကို အဲ့ကောင်တွေပဲမီးရှို့သွားတာ၊ ပြောက်ကျားအစိမ်းတွေနဲ့ ဘာတွေလည်းတော့မသိဘူး၊ PDF တွေလား KIA တွေလားမသိဘူး။ မြင်လိုက်တယ်ဟု မိုးတားကြီးကျေးရွာမှ ရွာသားတစ်ဦးကပြောသည်။

ပစ်တာခတ်တာကြားလို့ လယ်ထဲကနေကြောက်လို့ဆိုပြီး ရွာထဲကိုပြန်လာတော့ ဒီလည်းရောက်ရော စစ်တပ်ကဝင်လာတော့၊ စစ်တပ်နဲ့လည်းပစ်လည်းပစ်ပြီးရော ထွက်တဲ့အထွက်မှာ မီးရှို့သွားတာလောက်ပဲ သိပါတယ်ခင်ဗျာ။ မီးရှို့သွားတာက PDF တွေရှို့သွားတာ။ တခြားအဖွဲ့တွေလည်းပါပါတယ်။ ဝတ်ထားတာကတော့ ပြောက်ကျားတွေပါတယ်။ တချို့အရပ်ဝတ်တွေလည်းပါပါတယ်။ ကျွန်တော်က မိသားစုမရှိပါဘူး။ တစ်ကောင်ကြွက်ပါ။ စာရင်းငှားလာလုပ်တာပါဟု မိုးတားကြီးကျေးရွာမှ ရွာသားတစ်ဦးကပြောသည်။

PDF တွေကရွာထဲကနေဖြတ်သွားပြီး ကျွန်တော့်အိမ်ကို မီးရှို့သွားတာပါ။ မနက်အစောကြီးကမီးရှို့သွားတာ။ ကျွန်တော့်အိမ်တင်မဟုတ်ဘူး၊ ဘေးကအိမ်တွေပါ မီးရှို့သွားတာပါ။ PDF တွေ ၂၀/၃၀ လောက်ရှိမယ်။ ကျွန်တော်မျက်စိနဲ့မြင်လိုက်တယ်။ ယူနီဖောင်းတွေနဲ့ပါ။ တချို့ကလည်း အရပ်ဝတ်တွေနဲ့ပါ။ ကျွန်တော့်အိမ်ကိုမီးရှို့သွားတာပါ။ ကလေးတွေတောင်လယ်တောထဲမှာပါဟု ဆူးပုတ်ကုန်းကျေးရွာမှရွာ သားတစ်ဦးကပြောသည်။

ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကလာတယ်။ သူတို့ ၂၀ ကျော်ကျော်လောက်ရှိတယ်။ သေနတ်တွေပါတယ်။ ယူနီဖောင်းက ပြောက်ကျားတွေများတယ်။ သေချာသတိမထားလိုက်ပေမဲ့ PDF တံဆိပ်ပါတာတွေ့တယ်။ စစ်ကြောင်းလာတော့ သူတို့ပစ်ပြေးတဲ့အချိန်မှာ ကျွန်တော့်အိမ်ကိုမီးရှို့သွားတာ။ PDf တွေ့ရှို့သွားတာ မြင်လိုက်တယ်ဟု နောင်ပင်ကျေးရွာ ရွာသားတစ်ဦးကပြောသည်။

မနက်ပိုင်းမှာ PDF နဲ့ စစ်တပ်တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ရွာထဲဝင်ပြီးမှ PDF တွေအိမ်အလုံး ၃၀ လောက်မီးရှို့သွားတယ်။ ကျွန်တော်တို့ရွာသားတွေ မီးထွက်မငြိမ်းရဲလို့မငြိမ်းရပါဘူးဟု မင်းလယ်ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

မနက်က PDF နဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်သံကြားတယ်။ တိုက်ပွဲဖြစ်ပြီး PDF တွေရွာထဲဝင်လာတယ်။ ဝင်လာပြီးမီးရှို့တယ်။ အိမ်ခြေအလုံး ၃၀ လောက်ပါသွားတယ်။ ကျွန်တော်တို့လည်းကြောက်တာနဲ့ မီးထွက်မငြိမ်းရဲဘူး။ PDF တွေတိုက်ပွဲဖြစ် တိုင်းသူတို့ရွာထဲဝင်ပြီး အမြဲတမ်းမီးရှို့နေကျပါဟု မင်းလယ်ကျေးရွာမှ ရွာသားတစ်ဦးကပြောသည်။

ထိုမီးရှို့မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး BBC ၊ VOA၊ RFA ၊ Irrawaddy၊ Mizzima ၊ Myanmar Now၊ Khit Thit၊ DVB အစရှိသည့် ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်လိုသည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ဆိုရှယ်မီဒီယာများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်လေဟန်ပုံဖျက်ထုတ်လွှင့် ဝါဒဖြန့်ချိလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာမှအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

အထူးသဖြင့် ရိုးသားသည့် ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်နှင့်တပ်မတော်အပေါ် အထင်အမြင်လွဲမှားကာ နာကျည်းစိတ်များဖြစ်ပေါ်လာစေရေး၊ ၎င်းတို့ကို ထောက်ခံအားပေးမှုရရှိလာစေရေး လိမ်ညာလုပ်ကြံဝါဒဖြန့်မှုများ ပြုလုပ်နိုင်ရန်အတွက် အပြစ်မဲ့ပြည်သူများ၏ အိုး၊ အိမ်၊ စည်းစိမ်ပစ္စည်းဥစ္စာများကို ရက်စက်စွာဖျက်ဆီးခဲ့သည့် လုပ်ဆောင်ချက်များဖြစ်ကြောင်း တွေ့ရှိရပါသည်။

အကြမ်းဖက်သမား NUG၊ PDF၊ KIA ပူးပေါင်းအဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၂၂ ရွာမှ ဒုက္ခရောက်ခဲ့ရသည့် ရွာသူ/ရွာသားတစ်ချို့၏ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်မှန်များနှင့် ရင်ဖွင့်ပြောကြားသံများကိုကြားသိခဲ့ရပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာသားများနှင့်ပူးပေါင်း၍ မီးငြိမ်းသတ်ပေးခြင်း၊ မီးဘေးသင့်ပြည်သူများအား လုံခြုံရေးစီမံပေးခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရနှင့် တပ်မတော်မှ ကူညီကယ်ဆယ်ရေးထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NUG၊ PDF၊ KIA အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုဖြစ်စဉ်အမှန်များအား မိဘပြည်သူများသိရှိနိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသော ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေသော အကြမ်းဖက်သမားများအန္တရာယ်မှ ကာကွယ်တားဆီးနှိမ်နင်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးအစီအမံများအား လုပ်ဆောင်ပေးလျက်ရှိကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့